ဟိုပန်မြို့၌ Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်

Cash for Work Project Activities in Hopang Completed 100 Percent

Shan, 30 September 2020, Ministry of Information

ဟိုပန် စက်တင်ဘာ ၃၀

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ဖတ်ဟာ(ရွာမ) ကျေးရွာ၊ ဖာလင်ကျေးရွာနှင့် ပန်မော့ကျေးရွာတို့တွင် Cash For Work စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ဖတ်ဟာ (ရွာမ)ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း(၆၀၀x ၁၂x၆)အား လည်းကောင်း၊ ဖာလင်ကျေးရွာ တွင် ကွန်ကရစ်လမ်း ခင်းခြင်း(၇၅၀x၁၂x၆)အား လည်းကောင်း၊ ပန်မော့ကျေးရွာ တွင် ကွန်ကရစ်လမ်း ခင်းခြင်း(၇၆၀x၁၂x၆) အား လည်းကောင်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်မှ ကျေးရွာ(၁)ရွာ လျှင် ကျပ်သိန်း (၁၀၀)နှုန်း စီထောက်ပံ့ပေးအပ်ခဲ့သည်။ Cash For Work စီမံကိန်း လုပ်ငန်း ရည်ရွယ်ချက်များ အရ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ကျေးရွာများရှိ ကျေးလက်နေ ပြည်သူလူထုမှ ၎င်းတို့ကိုယ်တိုင်ရွေးချယ်ခဲ့သော ကျေးရွာ လိုအပ်ချက်အရ ကျေးရွာတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်တိုင် နိုင်ငံတော်မှ သတ်မှတ်သော လုပ်အားခ ရယူခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး ကျေးရွာ ဖွံ့ဖြိုး တိုးတက်စေသော စီမံကိန်း ဖြစ်သည်။

လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖတ်ဟာ ကျေးရွာမှ ပစ္စည်းတန်ဖိုး (၄၀ရာခိုင်နှုန်း) နှင့် လုပ်အားတန်ဖိုး (၆၀ရာခိုင်နှုန်း)၊ ဖာလင် ကျေးရွာမှ ပစ္စည်း တန်ဖိုး(၃၈ရာခိုင်နှုန်း)နှင့် လုပ်အား တန်ဖိုး(၆၂ရာခိုင်နှုန်း)၊ ပန်မော့ ကျေးရွာမှ ပစ္စည်းတန်ဖိုး (၃၂ရာခိုင်နှုန်း) နှင့် လုပ်အားတန်ဖိုး (၆၈ရာခိုင်နှုန်း) အသီးသီး ဆောင်ရွက်ခဲ့ကြသဖြင့် ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၁၂၀)မှ လုပ်သား(၂၁၅၄)ဦး ပါဝင် ဆောင်ရွက်ခဲ့ကြကာ တစ်ရက်လုပ်အားခ ကျွမ်းကျင် လုပ်သား တစ်ဦးလျှင် တစ်သောင်းကျပ်နှင့် ရိုးရိုးလုပ်သား တစ်ဦးလျှင်ခြောက်ထောင်ကျပ်နှုန်း သတ်မှတ်ရာ ကျပ်(၁၈၅)သိန်း ကျော်ခန့် လုပ်အားခရရှိပြီး ကျေးရွာ ပြည်သူများအား အကျိုးပြုနိုင်ခဲ့သည်။

ကျေးရွာတစ်ရွာလျှင် ပျှမ်းမျှ အလုပ်လုပ်ရက်မှာ(၂၈)ရက်ဖြစ်ပြီး စာရင်းဇယား ထိန်းသိမ်းခြင်း၊ လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် နည်းပညာအကူအညီများကို ဟိုပန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိုက်စိုးနှင့် ဝန်ထမ်းများက ကြီးကြပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ရှမ်းပြည်နယ်

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13651