ဒီးမော့ဆိုမြို့နယ်တွင် Cash for Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဒီးမော့ဆို ဩဂုတ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော Cash For Work စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Cash for Work စီမံကိန်းသည် ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်နေ ပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ပေးချေခြင်းဖြင့် ဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အဦ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀ သိန်း ပံ့ပိုးဆောင်ရွက် လျက်ရှိရာ ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာ ၃၆ ရွာ၌ လုပ်ငန်းခွဲ ၃၆ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းခွဲ (၃၆)ခုအနက် ဟိုဝမ်ထက်၊ ခူးပရာရွာသစ်၊ ခူးပရာအထက်၊ သာဒေးခို၊ ဒေါဝယ် ကူးနှင့် လေမအန်းခူ ကျေးရွာတို့တွင် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းခွဲများအား ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစောဒီးဒီ၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးထွန်းချစ်၊ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစုနှင့် တာဝန်ရှိသူများက လုပ်ငန်း တစ်ခုချင်းအလိုက် ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များနှင့် လုပ်ငန်း ဆောင်ရွက်နေသော ကျေးရွာပြည်သူများအား Cash for Work စီမံကိန်းသည် ကိုဗစ်-၁၉ ရောဂါ ကာလတွင် ကျေးလက်နေ ပြည်သူ များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကာ ကျေးရွာ ပြည်သူများအနေနှင့် စီမံကိန်းလုပ်ငန်းအပေါ် စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ရီရယ်(ဒီးမော့ဆို)

https://www.moi.gov.mm/iprd/news/7776