မတ္တရာမြို့နယ် တွင် Cash for Work စီမံကိန်း ၁၇ ရွာနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း ကျေးရွာ ၁၃ ရွာတွင် ဆောင်ရွက်သွားမည်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နိုင်ငံတော်က ချမှတ်ထားသော COVID-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်း ခံရသော ကျေးလက်ဒေသ များရှိ ပြည်သူများ ဝင်ငွေ ရရှိစေရန်နှင့် အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၁၇ ရွာနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းများကို ကျေးရွာပေါင်း ၁၃ ရွာ တွင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျေးလက်နေ ပြည်သူများအနေဖြင့် မိမိတို့ ကျေးရွာများတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင် ရွေးချယ်ကာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် လုပ်အားခ ရရှိစေမည့် Cash for Work စီမံကိန်း ကို တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ စီ ပံ့ပိုးပေးကာ ပစ္စည်း ဝယ်ယူမှု ၄၀ ရာခိုင်နှုန်းနှင့် လုပ်အားခ ၆၀ ရာခိုင်နှုန်း ပေးချေမည့် လုပ်ငန်းများကို မတ္တရာ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၇ ရွာတွင် ဆောင်ရွက်ရန်အတွက် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် သင်တန်းပို့ချမှုတို့အား ဇူလိုင် အတွင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများတွင် ပွဲစားကုန်း ကျေးရွာ၊ တောင်ပြုန်းငယ်ကျေးရွာ၊ လယ်ကောကြီး ကျေးရွာ၊ ပုလိပ်ကုန်း ကျေးရွာ၊ ဘုရားဖြူ ကျေးရွာ၊ ထန်းပင်ကုန်း၊ အင်းကုန်း၊ ကင်းရွာ၊ ပြည်သာအေး၊ ဆိပ်သာ၊ ကျွဲကျ၊ သမင်တွင်း၊ ချောင်းတော်ဝ၊ သပြေချောင်၊ သပြေအိုက်၊ ကြားရွာနှင့် ကျောက်ဆည်လေးကျေးရွာတို့ ပါဝင်ပြီး ရွာပေါင်း ၁၇ ရွာအတွက် စုစုပေါင်း ပံ့ပိုးငွေကျပ် သန်း ၁၇၀ ကို ပံ့ပိုးပေးသွား မည် ဖြစ်သည်။

ထို့အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ အလိုက် လူဦးရေ ပေါ် မူတည်ကာ ချေးငွေ ထုတ်ပေးမည့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) ကို မတ္တရာမြို့နယ်တွင်း ကျေးရွာပေါင်း ၁၃ ရွာတွင် အကောင်အထည်ဖော် မည် ဖြစ်ရာ ဆူးလေကုန်းကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ ဝေဟင်္ဂမကျေးရွာ၊ ရှင်လှ(တ)ကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ တဲကုန်းကျေးရွာ၊ တံတားဖြူကျေးရွာ၊ အေးချမ်းသာ ကျေးရွာ၊ ဗောဓိကျေးရွာ၊ ပိုဝ(တ)ကျေးရွာ၊ ချောင်းပေါက်ကျေးရွာနှင့် ကျွဲတပ်ကျေးရွာ တို့ ပါဝင် ပြီး၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) အကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် သင်တန်းပို့ချမှုတို့အား ဇူလိုင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယခုလအတွင်း ကြီးကြပ် ဆောင်ရွက်ခဲ့ ပါသည်။

မတ္တရာ (ကျေးလက်)