ပွင့်ဖြူမြို့နယ် ခင်တဲကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီး

ပွင့်ဖြူ ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ခင်တဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများအပေါ် တုံပြန် ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရ သည်။

ပွင့်ဖြူမြို့နယ်၌ အကောင်အထည်ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းကို ကျေးရွာပေါင်း ၁၂ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရကာ ထို့သို့ဆောင်ရွက်ရာ၌ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့ ပေးပြီး ထောက်ပံ့ငွေ၏ ၄၀ ရာခိုင်နှုန်း စီမံကိန်းလုပ်ငန်းအတွက် ပစ္စည်း ဝယ်ယူရာတွင် အသုံးပြုစေကာ ကျန် ၆၀ရာခိုင်နှုန်းကို ဒေသခံပြည်သူများ ဝင်ငွေရရှိရေး လုပ်အားခအတွက် ပေးချေ၍ စီမံကိန်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းသို့လုပ်အားခငွေများ ပေးချေရာတွင် အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀မှ အမြင့်ဆုံး လုပ်အားခ ကျပ် ၆၀၀၀ သတ်မှတ်ထား ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများအနေဖြင့် ဒေသပေါက်ဈေးအတိုင်း အကျိုးခံစားခွင့် ရရှိကြမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းဝင်ကျေးရွာများအနက် ခင်တဲကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေ ရရှိရေးအတွက် ကျေးရွာတွင်းလမ်း အရှည်ပေ ၂၇၀၀ အား ၊ လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် ခြုံရှင်းလင်းခြင်း လုပ်ငန်းကို စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာပြည်သူများ၏ လုပ်အားကိုအသုံးပြု၍ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး ပါက ခင်တဲကျေးရွာရှိ အိမ်ခြေ ၁၉၀ ၊ လူဦးရေ ၇၉၈ ဦးအား ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )

Ministry of Information

#CERP, #CFW, #DRD, #MOALI