![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/260820_pku_news_2-1.jpg?itok=VY-ER__t)
ပခုက္ကူ ဩဂုတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ကျေးရွာလေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အခြေအနေနှင့်စာရင်းဇယားများကို တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီမှူး ဦးတင့်ဝေနှင့်အတူ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးသန့်ဇင်ထွန်း၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်အေးအေးသန့် နှင့်ဝန်ထမ်းများလိုက်ပါကြပြီး ပခုက္ကူခရိုင်၊ပေါက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်၊ အနောက်ပိုင်းဒေသများစိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP) အစီအစဉ် Cash for Work စီမံကိန်းဖြင့် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင် ရွက်သည့် ဂွေးဂုံကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ကျွန်းကိုင်းကျေးရွာ လယ်ရေသွင်းမြောင်း တူးဖော်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ Cash for Work စီမံကိန်း ကျပ်သိန်း (၁၀၀)စီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဆယ်ပင်းကျေးရွာ၌ ကျေးရွာ မြေသားရေကန်ပြုပြင်ခြင်း၊ မျဉ်းချောင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများ အခြေအနေနှင့်စာရင်းဇယားများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ သည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အနောက်ပိုင်းဒေသများစိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP) အစီအစဉ်ဖြင့် Cash for Work စီမံကိန်းကို ကျေးရွာခုနစ်ရွာ၊ Cash for Work စီမံကိန်းဖြင့် ကျေးရွာရှစ်ရွာ စုစုပေါင်း(၁၅)ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများပြီးစီးပါကဒေသထွက်ကုန်များကို ဈေးကွက်အတွင်းသို့ တင်ပို့ခြင်းနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း တို့တွင် အလွယ်တကူ သယ်ယူပို့ဆောင် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်းသိရသည်။
ဆလိုင်းကိုကီး
#CFW, #CERP, #DRD, #MOALI
Credit- Ministry of Information