ခန်းမဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဒီးမော့ဆို.  ၂၀၁၉.  ဇွန်.  ၂၄

       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ် စီမံကိန်းစက်ဝန်းတွင်အကောင်အထည်ဖော်ဆောင်ရွက်သော သေးဆူလဲကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာခန်းမဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား (၂၄.၆.၂၀၁၉) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဒေသခံပြည်များ စုံလင်စွာတက်ရောက်ခဲ့ ကြပါသည်။ 

        ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာ စကားပြောကြားခြင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးမှ အမှာစကားပြောကြားခြင်း၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးမှ စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းအထောက် အကူပြု ကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခြင်း၊ ကုန်းသာကျေးရွာမှ ယဉ်ကျေးမှု အက အဖွဲ့များက ဖျော်ဖြေတင်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

         ဆက်လက်၍ ကုန်းသာကျေးရွာခန်းမဆောင်အတွက် လိုအပ်သည့် ပလပ်စတစ်ထိုင်ခုံ အလုံး(၅၀) ဝယ်ယူရန် အတွက် ရန်ပုံငွေကျပ် (၃.၅)သိန်း ပေးအပ်ခြင်း၊ ကုန်းသာ ကျေးရွာ ယဉ်ကျေးမှုအကအဖွဲ့(၄)ဖွဲ့အား တစ်ဖွဲ့လျှင် (၅)သောင်းကျပ်ဖြင့် ဆုငွေကျပ်(၂)သိန်းချီးမြှင့်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ခန်းမဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် ခန်းမဆောင် ဆိုင်းဘတ်အား အမွှေးနံသာရည်များ ပက်ဖျန်းခြင်းများအား ဆောင်ရွက် ခဲ့ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။