ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်တွင် လူထု ဗဟိုပြု စီမံကိန်း စက်ဝန်း(၄)နှစ်တာ ကာလကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

NCDDP’s Four Year Project Cycles Activities Completed in Kyaukkyi

Bago, 18 November 2020, Development News TV

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းကို ကျေးလက်ဒေသ နေ ပြည်သူလူထု၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကကျသော အခြေခံ အဆောက်အဦးနှင့် ဝန်ဆောင်မှုများကို ပြည်သူ ဗဟိုပြုသော နည်းလမ်းဖြင့် လက်လှမ်းမီ အသုံးပြုနိုင်ရန်နှင့် ပြည်သူလူထု၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဆိုသော မျှော်မှန်းချက်၊ ကျေးရွာလူထုမှ ရွေးချယ်သော စီမံကိန်း လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရန် ရန်ပုံငွေ ထောက်ပံ့ပေးခြင်း၊ ကျေးလက်နေ ပြည်သူများ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဦးစားပေး အစီအစဉ်များ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း တို့ဖြင့် စွမ်းဆောင်ရည်များမြင့်မားလာစေခြင်း၊ စီမံကိန်း လုပ်ငန်းခွဲများ ရွေးချယ်သည့် လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဆင်းရဲနွမ်းပါးသော ထိခိုက်လွယ် အုပ်စုများ၊ ကျား-မ ပူးပေါင်း ပါဝင်စေခြင်း စသော ရည်ရွယ်ချက်များဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီး မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကျေးရွာအုပ်စု (၃၄)အုပ်စု အတွင်းရှိ ကျေးရွာ (၁၃၇) ရွာတွင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ (၂၀၂၀)ခုနှစ် ဒီဇင်ဘာလ အကုန်တွင် စီမံကိန်း (၄)နှစ်တာ ကာလကို စီမံကိန်း လုပ်ထုံး လုပ်နည်းများ အတိုင်း အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်၍ စီမံကိန်း ပိတ်သိမ်းမည် ဖြစ်ပါသည်။

ကျောက်ကြီး မြို့နယ်တွင် စီမံကိန်း စက်ဝန်း(၄)နှစ်တာ ကာလအတွင်း စီမံကိန်း ထောက်ပံ့ငွေ (၅,၀၉၆) သန်းဖြင့် စီမံကိန်း ဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုနှင့် ကျေးရွာလူထုကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ခြင်း ကြောင့် ကျေးရွာ အခြေခံ အဆောက်အဦးနှင့် သက်ဆိုင်သော စီမံကိန်း လုပ်ငန်းခွဲပေါင်း (၅၅၂) ခု တို့အား ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်သည်။

စီမံကိန်း ဆောင်ရွက်ခွင့် ရခြင်းကြောင့် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အလမ်းများ တိုးတက်လာမှု အပေါ်တွင်လည်း ကျေးရွာ ကော်မတီဝင် အမျိုးသမီးတစ်ဦးမှ ယခုလို ပြောကြား ခဲ့ပါတယ်။

“ကျမ နာမည်ကတော့ ဆွေဇင်မြင့်ပါ၊ ကျမကတော့ ကျေးရွာ ငွေစာရင်းကိုင် တစ်ဦးဖြစ်ပါတယ်။ ကျမတို့ ဒီမှာ လူထု ဗဟိုပြု စီမံကိန်း ကနေပြီးတော့ ပထမနှစ်ကနေ စတုတ္ထနှစ် စက်ဝန်း လေးနှစ်လုံးမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်။ ကွန်ကရစ်လမ်းတွေ လုပ်တယ်၊ စာသင်ကျောင်းဆောင်တွေ ဆောက်ကြတယ်။ လေးခန်းတွဲ အိမ်သာတွေ ဆောက်တယ်။ အဲလိုမျိုးတွေ လုပ်တဲ့ အတွက်ကြောင့် ကျမတို့ ဒေသမှာ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးလာတယ်။ ဒီကော်မတီနဲ့ စီမံကိန်း ထဲမှာ ဝင်ပြိးတော့မှ ဝင်ရောက်လုပ်ကိုင်တဲ့ ကော်မတီဝင် တစ်ယောက်ချင်းစီမှာလည်း စွမ်ဆောင်ရည် တွေ တိုးတက်လာတာတွေ ရှိတယ်၊ ကျမဆိုရင် အခု လူထု ဗဟိုပြု စီမံကိန်းမှာ တင် မဟုတ်ပဲ တစ်ခြား ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လူမှု ကွန်ယက်တွေမှာ လည်း ပါဝင်ပြီး လုပ်ဆောင်ခဲ့တယ်။ ကျမတို့ ဒေသမှာ အလင်းအိမ် (Light House) ဆိုတဲ့ နာမည်လေးနဲ့ အမျိုးသမီး ၅ ယောက် စုဖွဲ့ပြီးတော့ ကျမတို့ရဲ့ စွမ်းဆောင်ရည် မြှင့်တက်ဖို့ အတွက် မြန်မာ့ အမျိုးသမီး သမဂ္ဂနဲ့ တွဲဖက်ပြီးတော့ ကျမတို့ အလုပ်တွေ လုပ်ကြတယ်။”

ကျောက်ကြီး မြို့နယ် အတွင်း လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရခြင်းကြောင့် ဒေသ အတွင်းရှိ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခြင်း၊ ကျေးရွာများတွင် လိုအပ်နေသော အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ ကျေးရွာလူထု ကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ကြောင့် ကျေးရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် လုပ်အားခများ ရရှိခြင်းကြောင့် မိသားစု စားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ခြင်း၊ လမ်း၊ တံတား၊ ရေ၊မီးစသော အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုး တိုးတက်လာခြင်းနှင့် အခြေခံ ဝန်ဆောင်မှုများကို လက်လှမ်းမီ အသုံးပြုနိုင်ခြင်းကြောင့် ကျေးရွာ လူထုအများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာခြင်း၊ စီမံကိန်းမှ စွမ်းဆောင်ရည် မြင့်တင်ရေး အစီအစဉ်နှင့် သင်တန်းများ ထောက်ပံ့ပေးခြင်း ကြောင့် စီမံကိန်း လုပ်ငန်းခွဲများအား ရေရှည် တည်တံ့အောင် ပြုပြင် ထိန်းသိမ်း နိုင်မည့် နည်းလမ်းများအား သိရှိပြီး မိမိတို့ ကျေးရွာ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည် တည့်တံ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက် စေမည့် နည်းလမ်းများ ချမှတ်ပြီး သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်စေသည့် အလေ့အကျင့်ကောင်းများ ရရှိစေခဲ့ကြောင်း သိရှိရပါသည်။

 

သတင်း - ဝင်းညီညီလတ်(CSAG)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/2848508212081585