သဲကုန်းမြို့နယ် စီမံကိန်းလုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်းနဲ့ လူထုဗဟိုပြု စီမံကိန်းက တာဝန်ရှိသူတွေဟာ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း CDD ထောက်ပံ့ငွေနဲ့ ကျူတောကျေးရွာမှာ ဆောင်ရွက်နေတဲ့ အုတ်ခုံခံ သံဘောင် ကွန်ကရစ် တံတား တည်ဆောက်နေခြင်း လုပ်ငန်းနဲ့ ဖောင်တင်ကျေးရွာမှာ ဆောင်ရွက်နေတဲ့ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းတွေကို မေလ ၂၄ ရက်နေ့ မနက် ၁၁ နာရီက ကွင်းဆင်း စစ်ဆေးရာမှာ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေက လိုက်လံ ရှင်းလင်း ပြသခဲ့ပြီး၊ လုပ်ငန်း အချိန်မှီ ပြီးစီးရေး၊ သတ်မှတ် စံချိန်စံညွှန်းတွေ ပြည့်မှီရေးကို အလေးထား ဆောင်ရွက်ကြဖို့ ခရိုင်ဦးစီးမှူးက ဆွေးနွေးမှာကြားတယ်လို့ သိရပါတယ်။

 

ကျူတော ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၅ သန်းနဲ့ အုတ်ခုံခံ သံဘောင် ကွန်ကရစ် တံတား တည်ဆောက်ခြင်း လုပ်ငန်း၊ ဖောင်တင်ကျေးရွာမှာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၈ ဒဿမ ၅ သန်းနဲ့ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းတို့ကို လူထုဗဟိုပြု စီမံကိန်းက လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူး တွေရဲ့ နည်းပညာ အကူအညီ၊ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်တယ်လို့ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်းထံမှ သိရပါတယ်။

 

သတင်း - ငြိမ်းသူ (စလင်း)

Credit – SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank