ဆီဆိုင်မြိုနယ်၌ Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Cash for Work Activities in Hsihseng Completed

Shan, 8 October 2020, Ministry of Information

ဆီဆိုင် အောက်တိုဘာ ၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း Cash For Work စီမံကိန်း လုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာပေါင်း (၇)ရွာ၌ ရွာတွင်းသဲဗြုန်း လမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ Cash For Work စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာပံ့ပိုးပေးပြီး ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ကြောင်း Cash For Work စီမံကိန်း လုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)ဖြင့် နောင်ယွေး ကျေးရွာ၊ ထီးဖူးကျေးရွာ၊ တောင်းတပ် ကျေးရွာ၊ နောင်လိတ် ကျေးရွာ၊ ဝါးခရာ ကျေးရွာ၊ ကောင်ဝါးတောင် ကျေးရွာနှင့် ပန်အောင်း ကျေးရွာတို့၌ ဆောင်ရွက်သည့် ရွာတွင်း သဲဗြုန်းလမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ကျေးရွာမတည် ရန်ပုံငွေဖြင့် ကျေးရွာ(၈)ရွာမှ ပြည်သူများကို ငွေကျပ်သိန်း (၂၀၀၀) ဖြင့် စိုက်ပျိုးရေး လုပ်ကိုင်သူ(၆၉၆)ဦး၊ မွေးမြူရေး လုပ်ကိုင်သူ(၁၅)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ (၁၇)ဦးနှင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ(၁)ဦး၊ စုစုပေါင်း (၇၂၉)ဦးကိုလည်း နည်းစနစ်တကျ ထုတ်ချေး ဆောင်ရွက်ပြီး ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)

ရှမ်းပြည်နယ်

#CFW, #CERP, #DRD, #WorldBank, #NCDDP

https://www.moi.gov.mm/iprd/news/15320