ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမှ ကျေးရွာပေါင်း (၇) တွင် တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) နှုန်း အသုံးပြု၍ Cash for Work စီမံကိန်းဖြင့် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့

Rural Development Activities under Cash for Work Project in 7 Villages of Pinlaung Completed

Nay Pyi Taw, 29 September 2020, Myanmar Digital News

နေပြည်တော် ၂၉ စက်တင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလ အတွင်း ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိ စေရန် ရည်ရွယ်ပြီး တုံ့ပြန် ဆောင်ရွက်သည့်အနေဖြင့် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကို ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)စီ ချထားပေးပြီး ကျေးရွာပေါင်း (၇)ရွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

အဆိုပါ Cash for Work စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက နည်းပညာ ပံ့ပိုးပေးပြီး ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။

Cash For Work စီမံကိန်းသည် ကျေးရွာ၌ အလုပ်လက်မဲ့ဖြစ်နေသူများ၊ ဝင်ငွေမရှိသူများ၊ အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စုများကို ဦးစားပေးပြီး စီမံကိန်း လုပ်ငန်းများကို ဝင်ရောက် လုပ်ကိုင်စေခြင်းဖြင့် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်နေ့လုပ်အားခ အနေဖြင့် ကျား/မ မရွေး လုပ်အားခငွေ ကျပ် ၅၀၀၀ နှုန်းဖြင့် လက်ငင်းပေးချေ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။ Cash For Work စီမံကိန်း ဆောင်ရွက်သည့် အခါတွင် ခွင့်ပြုရန်ပုံငွေ၏ (၂၀ ရာခိုင်နှုန်း)ကို လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုစေပြီး ကျန်ရှိသည့် (၈၀ ရာခိုင်နှုန်း)ကို လုပ်အားခ အနေဖြင့် ပေးချေဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ပင်လောင်း မြို့နယ်အတွင်း Cash For Work စီမံကိန်းအား ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ရွာကြီးကျေးရွာ၊ ဆီဆုံကုန်းကြီး ကျေးရွာ၊ ကျောက်မိုးကျေးရွာ၊ ပင်သပြေရွာသစ် ကျေးရွာ၊ ကပ္ပတိန်ကျေးရွာ၊ ပင်ခင်(ရှေ့) ကျေးရွာနှင့် တကူးမို့ ကျေးရွာ စုစုပေါင်း ကျေးရွာ(၇)ရွာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ လုပ်ငန်း အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ကြောင်း၊ အဆိုပါ ကျေးရွာများမှာ တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် မိုးရွာသွန်းမှု များပြားခြင်း၊ ကုန်းတက်ကုန်းဆင်းများ ရှိခြင်းတို့ကြောင့် ရေရှည် တည်တံ့နိုင်ရန် အတွက် ပြင်ဆင်ထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်းများကို ကျေးရွာကော်မတီများ၏ ဦးဆောင်မှုဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို ကျေးရွာသူ/ ကျေးရွာသားများ အား သိရှိနားလည်နိုင်စေရန်အတွက် ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ချပြရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညီညီသန်း(နေပြည်တော်)

#CFW, #CERP, #DRD, #MOALI

Credit – Myanmar Digital News

http://www.mdn.gov.mm/index.php/my/paiuwkiuypiungaupkhupkhngrdes-pngleaangm-keraapeng7ttng-ttcraalng-ngekpsin100nun-asunpur-cash-work