ပေါက်မြို့နယ် ကျေးရွာ ၅ ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှာ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကျေးရွာ (၈) ရွာ အနက် ကျေးရွာ (၅) ရွာမှာ စီမံကိန်းလုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ရာ လုပ်ငန်း ပြီးစီးမှု အခြေအနေတွေကို သြဂုတ်လ ၂၄ ရက်နေ့က စတင်ပြီး ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးတင့်ဝေ၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသန့်နဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၈) ရွာမှာ ကျေးလက် ရေရရှိရေးနဲ့ လမ်းပန်း ဆက်သွယ်ရေး အထောက် အကူ ဖြစ်စေမယ့် Cash For Work စီမံကိန်း အကောက်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ကိုဗစ်-၁၉ ကာလ အလုပ်အကိုင် နည်းပါးတဲ့ ကျေးလက်နေ ပြည်သူတွေ အတွက် ကျေးရွာတစ်ရွာကို သိန်း (၁၀၀) နှုန်းနဲ့ လုပ်ငန်း လုပ်ကိုင်စေပြီး အလုပ်အကိုင်လည်းရ ကျေးရွာနဲ့ သက်ဆိုင်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်း တစ်ခုလည်း ပြီးမြောက် စေတဲ့ လုပ်အားနဲ့ ဝင်ငွေရရှိစေတဲ့ စီမံကိန်း ဖြစ်ပါတယ်။

ဒီစီမံကိန်းနဲ့ လုပ်ငန်းအားလုံး ပြီးစီးနေပြီဖြစ်တဲ့ ဆယ်ပင်းကျေးရွာ၊ ထန်းပေါက်ကုန်းကျေးရွာ၊ ခင်ရှည်ကျေးရွာ၊ မြင်း​ချောင်းကျေးရွာ၊ ချောင်းဆုံကျေးရွာ တွေကို တာဝန်ရှိသူတွေက စီမံကိန်း လုပ်ငန်းတွေ သတ်မှတ်ချက် စံချိန်း စံညွှန်းတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်) ၊ မျိုးဝင်းထွန်း(CSAGS)

#CFW, #CERP, #DRD, #MOALI

Credit- MRTV Media Coverage