ဒီးမော့ဆိုမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) နှင့် Cash for Work စီမံကိန်း ကျေးရွာများသို့ စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

ဒီးမော့ဆို ဩဂုတ် ၆

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) နှင့် Cash for Work စီမံကိန်း ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်းကို ဩဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ လွိုင်ကော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် က အမှာစကား ပြောကြား ပြီး မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု က ရန်ပုံငွေများ သုံးစွဲမှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) နှင့် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူကြပြီး ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်သော သဘောတူ စာချုပ် များကို ဌာနဆိုင်ရာကော်မတီဝင်များက လက်မှတ်ရေးထိုးကြသည်။

 

ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)သည် နိုင်ငံတော်မှ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြု စေရန်နှင့် လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ဖြင့် ကျေးရွာ ၁၂ ရွာ၌ ရန်ပုံငွေကျပ် ၃၀၀ သိန်း ရရှိမည့် ကျေးရွာ ၄ ရွာ၊ ရန်ပုံငွေကျပ် ၂၀၀ သိန်းအတွက် ကျေးရွာ ၆ ရွာ၊ ရန်ပုံငွေကျပ် ၁၀၀ သိန်း အတွက် ကျေးရွာ ၂ ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ Cash for Work စီမံကိန်းသည် ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဆောင်ရွက် စေပြီး လုပ်အားခပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောင်အဦ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀ သိန်း ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကာ ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာ ၃၆ ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)

Ministry of Information

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/node/2834?fbclid=IwAR0ZAMXoKvoTSW2ouMR6_o51vJbMwtVZdrNhuSaw2hDHGnEd1-9Qo-ZsWl0