ဒက္ခိဏခရိုင်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work စီမံကိန်းကို ကျေးရွာ (၇၅) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး

Cash for Work and Village Revolving Fund Project Activities in 75 Villages of Det_Khi_Na_Thi_Ri District Completed

Nay Pyi Taw, 29 September 2020

နေပြည်တော်၊ စက်တင်ဘာလ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများ အရင်းအနှီးထောက်ပံ့ငွေများရရှိကာ တိုးချဲ့ လုပ်ကိုင် နိုင်ရေးအတွက်ရည်ရွယ်ပြီး မတည်ရန်ပုံငွေစီမံကိန်းအစီအစဉ်ဖြင့် ပျဉ်းမနားမြို့နယ်တွင် ကျေးရွာ (၉)ရွာနှင့် လယ်ဝေးမြို့နယ်တွင် ကျေးရွာ(၁၈)ရွာ စုစုပေါင်းကျေးရွာပေါင်း(၂၇)ရွာကို မတည်ရန်ပုံငွေ ကျပ်သန်း (၆၉၀)နှင့် လယ်ဝေးမြို့နယ်တွင် Cash for Work စီမံကိန်း(၄၈)ရွာအတွက် ကျပ်သန်း (၄၈၀) စီမံကိန်း အမျိုး အစား(၂)ခုအတွက် ကျေးရွာပေါင်း(၇၅)ရွာအတွက် ကျပ်သန်း(၁၁၇၀)ဖြင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် လယ်ဝေးမြို့နယ်နှင့်ပျဉ်းမနားမြို့နယ်မှ ကျေးရွာအုပ်စု (၂၄) အုပ်စု၊ ကျေးရွာပေါင်း(၂၇)ရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၁၄၃၇)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၇၄၀)ဦး၊ အရောင်း အဝယ် လုပ်ငန်းလုပ်ကိုင်သူ(၂၀၈)ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၁၅၄)ဦး စုစုပေါင်း (၂၅၃၉) ဦးသို့ ရင်းနှီးမတည်ငွေများထုတ်ချေးနိုင်ခဲ့ပြီး၊ Cash for Work စီမံကိန်းဖြင့် လယ်ဝေး မြို့နယ်ရှိ ကျေးရွာ အုပ်စု(၂၃)အုပ်စုမှ ကျေးရွာပေါင်း(၄၈)ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း(၁၁၁)ခုဖြင့် ကျေးရွာ တွင်း လမ်းများခင်းခြင်း၊ မြေသားရိစားခင်းခြင်း၊ ရေမြောင်းများဆောင်ရွက်ခြင်း၊ ဆေးပေးခန်းနှင့် စာသင် ကျောင်းများ ပြုပြင်ခြင်းလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်အကောင်ထည်ဖော်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုလုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်းသိရသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ခရိုင်အတွင်း မြို့နယ်(၄)မြို့နယ်တွင် မြေသားရိစာခင်းခြင်း၊ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ တံတား တည်ဆောက်ခြင်း၊ ရေပြွန်(၂၁)ခုဆောင်ရွက်ခြင်းကို ငွေကျပ်(၂၂၈.၂၅)သန်းနှင့် ရေပေးရေးလုပ်ငန်း (တွင်းနက်/ တွင်းတိမ်)နှင့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း(၂၇)ခုဆောင်ရွက်ခြင်းအတွက် ခွင့်ပြုငွေကျပ် (၄၀၁.၈၄) သန်း စုစုပေါင်း ငွေကျပ်သန်း(၆၃၀.၀၉)သန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ဖြင့် ကျေးရွာ ပေါင်း (၂၄)ရွာတွင် ငွေကျပ်သန်း(၂၄၀)တို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံးကို ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်းသိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13451