မိုးမိတ်မြို့နယ် မန်ပတ်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိုးမိတ် ၁၉ စက်တင်ဘာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက COVID-19 ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများအတွက် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်ရည်ရွယ်၍ တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မန်ပတ်ကျေးရွာအုပ်စု၊ မန်ပတ်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေနှုန်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

အဆိုပါမန်ပတ်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်းကို အလျားပေ ၅၅၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်း နှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အလျားပေ ၆၅၄၀၊ အကျယ် ၂ ပေ၊ အနက် ၂ ပေ တူးဖော်ခြင်းလုပ်ငန်းများကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပေး၍ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းကပြောသည်။

Cash for Work စီမံကိန်းသည် ကျေးရွာမှာရှိတဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေ၊ ဝင်ငွေမရှိတဲ့သူတွေ၊ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စု တွေကို ဦးစားပေးကာ စီမံကိန်းလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါ တစ်နေ့လျှင် လုပ်အားခအဖြစ် ကျား၊ မ မရွေး လူတစ်ဦးကို ငွေကျပ် ၅၀၀၀ ကျပ်နှုန်းဖြင့် လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ Cash for Work စီမံကိန်း ဆောင်ရွက်တဲ့အခါမှာ ခွင့်ပြုရန်ပုံငွေရဲ့ (၄၀) ရာခိုင်နှုန်းကို လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရာမှာအသုံးပြုစေပြီး ကျန်ရှိတဲ့ (၆၀) ရာခိုင်နှုန်းကို လုပ်အားခအဖြစ် ပေးချေဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာရှိ အိမ်ခြေ(၂၂၉)အိမ်အတွက် စုစုပေါင်းဝင်ငွေကျပ်(၅၈)သိန်းခန့် ရရှိခဲ့ကြောင်းသိရသည်။

မိုးမိတ်မြို့နယ်အတွင်း Cash for Work စီမံကိန်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မန်ပတ်ကျေးရွာအပါအဝင် ကောင်ရာ၊ ဆည်ဦး၊ ဘုရားကုန်း၊ ဘော်ဒေ(ဈေး)နှင့် ကင့်နွယ်ကျေးရွာများတွင်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

စိုးမိုးကျော်

http://www.mdn.gov.mm/my/miumittmiuny-mnpttkeraan-keraattngknkrclmkhngkhnglupngn-raanunpnnypiicii