ပင်းတယမြို့နယ်တွင် CFW နှင့် VDP စီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

ပင်းတယ ဩဂုတ် ၁၇

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash For Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်း က ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် Cash For Work စီမံကိန်းဖြစ်သည့် ထယ်သွန်းကျေးရွာအုပ်စု ပြင်သာ ကျေးရွာအတွင်းလမ်းပြုပြင်ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ဗြုန်းသဲ ခင်းခြင်းလုပ်ငန်းများဖြစ်ပြီး ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြစ်သည့် ထယ်သွန်းကျေးရွာအုပ်စု ဘုရားနီကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ပင်းတယမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းများကို ကျေးရွာ ၉ ရွာတွင် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော် ထံမှ သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4808