ထီးချိုင့်မြို့၌ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာလုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ထီးချိုင့် သြဂုတ် ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းဝင် ကျေးရွာများအနက် ဖုန်းကုန်းကြီးကျေးရွာနှင့် အုတ်ဆုံကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်နေမှုအား စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် ဦးစီး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ကသာခရိုင် ကျေးလက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ ထီးချိုင့်မြို့နယ် ကျေးလက် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် ဝန်ထမ်းများမှ ယမန်နေ့မွန်းလွဲ (၂) နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan(CERP) အရ ကျေးလက်ဒေသနေ ပြည်သူများ၏ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work စီမံကိန်းကို ကျေးရွာပေါင်း (၆) ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း သိရကာ ထို့သို့ဆောင်ရွက်ရာ၌ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ထောက်ပံ့ငွေ၏ ၄၀ ရာခိုင်နှုန်း စီမံကိန်းလုပ်ငန်း အတွက် ပစ္စည်းဝယ်ယူရာတွင် အသုံးပြုစေကာ ကျန် ၆၀ရာခိုင်နှုန်းကို ဒေသခံပြည်သူများ ဝင်ငွေရရှိရေး လုပ်အားခအတွက် ပေးချေ၍ စီမံကိန်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းသို့လုပ်အားခငွေများ ပေးချေရာတွင် အနိမ့်ဆုံးလုပ်အားခ ကျပ် ၆၀၀၀မှ အမြင့်ဆုံးလုပ်အားခ ကျပ် ၈၅၀၀ သတ်မှတ်ထားကြောင်းနှင့် ကျွမ်းကျင်လုပ်သားများ အနေဖြင့် ဒေသပေါက်ဈေးအတိုင်း အကျိုးခံစားခွင့် ရရှိကြမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ရဲလင်းထွန်း ထီးချိုင့်

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/5281