COVID -19 Economic Relief Plan (CERP) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work စီမံကိန်း ရန်ပုံငွေ ပေးအပ်ပွဲပြုလုပ်

Fund Disbursed for Cash for Work and Village Revolving Fund Projects in Various Regions

10 August 2020, MRTV Coverage

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် လယ်ယာမြေ စီမံ ခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာနတို့ ပူးပေါင်း ကျင်းပတဲ့ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေ လွဲပြောင်းပေးအပ်ပွဲနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ပေးအပ်ပွဲကို ဩဂုတ်လ ၈ ရက်နေ့က ပွင့်ဖြူ မြို့နယ်၊

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တက်ရောက်အမှာ စကားပြောကြားပြီး၊ စီမံကိန်းဝင် ကျေးရွာ ၁၁ ရွာမှာ ကော်မတီဝင်များထံ စီမံကိန်း ရန်ပုံငွေများကို လည်းကောင်း၊ တောင်သူ ၅၂ ဦးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) များကို လည်းကောင်း လွှဲပြောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံခဲ့ပါတယ်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အဖွဲ့ဟာ ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝင်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေတဲ့ RC တစ်ထပ် အစည်းအဝေး ခန်းမဆောင် တည်ဆောက်နေမှုနဲ့ မဲ ဆန္ဒရှင် စာရင်း ထုတ်ပြန် ကြေညာ ထားရှိမှုများကို လိုက်လံ ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အလားတူ ကချင်ပြည်နယ် မိုးညှင်း ခရိုင် ဖားကန့် မြို့နယ်၊ ဗန်းမော် ခရိုင် ရွှေကူမြို့နယ်၊ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်၊ ယင်းမာပင် ခရိုင် ပုလဲမြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်၊ မကျည်းကုန်း မြောက်ကျေးရွာ၊ ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် တွံ့တေးမြို့နယ်၊ ၁၉ မိုင် တာကုန်ကျေးရွာ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ဓနုဖြူ မြို့နယ်များမှာ ရှိကျေးရွာများမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနဲ့ အသေးစား လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်တဲ့ လုပ်ငန်းရှင်များ၊ COVID -19 ရောဂါ ဖြစ်ပွားတဲ့ ကာလမှာ လုပ်ငန်းများ ရပ်တန့် မသွားပဲ ဆက်လက် လည်ပတ်နိုင်ဖို့ ရည်ရွယ်ပြီး၊ Cash for Work စီမံကိန်းအတွက် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနဲ့ ကျေးရွာ ကော်မတီဝင်များထံသို့ ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြပါတယ်။

အလားတူ COVID -19 ရောဂါ ကာလအတွင်း စီးပွားရေး ကုစားမှု အနေဖြင့် ဒေသခံများ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင် အိမ်တွင်း စီးပွားရေး လုပ်ကိုင်နိုင်စေဖို့ ရည်ရွယ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့တို့မှာ လက်ယက္ကန်းနဲ့ အိတ်ချုပ်နည်း လက်တွေ့ လုပ်ငန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဆက်လက်ပြီး ကရင် ပြည်နယ် ဘားအံ မြို့နယ်မှာ အခြေခံ အိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာ လက်တွေ့ လုပ်ငန်းခွင် သင်တန်းကို ယက္ကန်းနဲ့ အသက်မွေး ပညာ သင်တန်း ကျောင်းမှာ ကျင်းပရာ သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

သတင်း - NRC Bureau/ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြန်ဆက်ရုံးများ

#CERP, #CFW, #DRD, #MOALI

https://youtu.be/U0wykh3Lf-k

https://www.mrtv.gov.mm/mm/news-84274