ပဲခူးတိုင်းဒေသကြီး လေးအိမ်စုကျေးရွာတွင် Cash for Work စီမံကိန်းများဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ကာလ အတွင်း ဝင်ငွေနည်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေ ရရှိစေဖို့နဲ့ ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် လေးအိမ်စု ကျေးရွာမှာ Cash for Work စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ၊ တိုင်းဒေသကြီး ဦးစီးဌာန ဌာနမှူး ဦးမျိုးသိန်းနဲ့ တာဝန်ရှိသူများဟာ လေးအိမ်စု ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲနောက်မှာတော့ ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ဟာ လေးအိမ်စု ကျေးရွာမှာ အရှည်ပေ ၁၀၁၅၀ ပေ၊ အကျယ် ၂ ပေ၊ အနက် ၂ ပေရှိ လမ်း ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း၊ အရှည်ပေ ၃၀၀၊ အကျယ် ၆ ပေ၊ အမြင့် ၂ ပေရှိ မြေသားလမ်း ၂ လမ်း ခင်းခြင်း လုပ်ငန်း၊ ဂဝန်လမ်း ခင်းခြင်း လုပ်ငန်း၊ အုတ်ရေမြောင်း ဆောက်လုပ်ခြင်း လုပ်ငန်း စတဲ့ လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဲနောက်မှာတော့ ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ဟာ ခုန်တိုင်း ကျေးရွာ အုပ်စု ရွှေလှေဘူတာ ကျေးရွာရှိ ကော်မတီဝင်များနဲ့ တွေ့ဆုံရာ ကျေးရွာနေ ပြည်သူများက စိုက်ပျိုးရေး လုပ်ငန်း‌ဆောင်ရွက်နေမှုများကို လည်းကောင်း၊ မြို့နယ် ဦးစီးမှူး ဒေါ်ဝင်းစန္ဒာက ပဲခူးမြို့နယ် အတွင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများကို လည်းကောင်း ရှင်းလင်း တင်ပြကြပါတယ်။

နိုင်ငံတော်က ချမှတ် ထားတဲ့ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု Cash for Work စီမံကိန်းကို ပဲခူးတိုင်းဒေသကြီး အတွင်း မြို့နယ် ၂၈ မြို့နယ် ရှိ ကျေးရွာ ၂၅၀ မှာ ကျေးရွာ တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ ပြီးတော့ ကိုဗစ် -၁၉ ကြောင့် စီးပွားရေး စားဝတ်နေရေး အခက်အခဲ ရှိနေတဲ့ ကျေးလက်‌နေ ပြည်သူ များအား ကျေးရွာမှာ အမှန်တစ်ကယ် လိုအပ်မှု ရှိတဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ကိုယ်တိုင် ဆောင်ရွက်စေပြီးတော့ လုပ်အားခအားဖြင့် တစ်ရက်လျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရရှိစေဖို့ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒါအပြင် CERP အရ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေး လုပ်ကိုင်သူတွေ အတွက် လိုအပ်တဲ့ ငွေကြေး အရင်းအနှီးများ ရရှိစေဖို့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၂၂၀ မှာ အိမ်ခြေ ၁၀၁ အိမ်နဲ့ အထက် ကျေးရွာများသို့ ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၁ အိမ်နဲ့ ၁၀၀ ကြား ကျေးရွာများသို့ ကျပ်သိန်း ၂၀၀ နဲ့ အိမ်ခြေ ၅၀ နဲ့အောက် ကျေးရွာများသို့ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်နေပြည်သူများရဲ့ စီးပွားရေး အဟန့်အတားများကို ဖြေရှင်းနိုင်ဖို့ ရရှိတဲ့ငွေကြေး အရင်းအနှီးဖြင့် မိသားစု ဝင်ငွေ တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ပဲခူး သတင်း ဌာနခွဲ (MRTV)

https://www.mrtv.gov.mm/mm/news-81836