ကွတ်ခိုင်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တစ်ခုဖြစ်သည့် Cash For Work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကွတ်ခိုင် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါအကျိုးဆက် သက်ရောက်သော ကျေးရွာများသို့ နိုင်ငံတော်အစိုးရ၏ အရေးပေါ်တုန့်ပြန်ရေး အစီအစဉ် တစ်ခုဖြစ်သည့် Cash For Work စီမံကိန်း လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့တွင် ကွတ်ခိုင်မြို့နယ် မန်ပူးကျေးရွာအုပ်စု ၊ လုံကမ်ကျေးရွာသို့ သွားရောက်ကာ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်း ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ကျေးရွာများသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးအိုက်မွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးတင့်နိုင်မိုးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါအကျိုးဆက် သက်ရောက်သော ကျေးရွာများအနေဖြင့် နိုင်ငံတော် အစိုးရ၏ အရေးပေါ်တုန့်ပြန်ရေး အစီအစဉ်တစ်ခုဖြစ်သည့် Cash For Work စီမံကိန်းသည် ကိုဗစ်-၁၉ ရောဂါ ကုစားရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိတ်ဆက်ရှင်းလင်းသည်။

“ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း(၁၀၀)နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ကျေးလက်နေ ပြည်သူတွေ အနေနဲ့ ကိုဗစ်-၁၉ရောဂါကုစားရာမှာ အသေးစား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အရေးကြီး သလို တိုးချဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့လည်း စီစဉ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ ကျေးရွာတွေမှာ လိုအပ်တဲ့ ရေနုတ်မြောင်းတူးဖော်တာတွေ၊ ကျေးရွာသုံး အဆောက်အဦနဲ့ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ပြီး သုံးလတာကာလအတွင်းမှာပြီးစီးမယ့် လုပ်ငန်းတွေကို ရွေးခြယ်သွားမှာဖြစ်တယ်ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးတင့်နိုင်မိုးက ရှင်းပြ သည်။

Cash For Workစီမံကိန်း၏ ခွင့်ပြုငွေ (၄၀)ရာခိုင်နှုန်းအား လုပ်သားလုပ်အားခငွေအဖြစ် အသုံးပြုပြီး (၆၀)ရာခိုင်နှုန်းကို စီမံကိန်းလုပ်ငန်းများအတွက် သုံးစွဲမည်ဖြစ်သည်။ ကွတ်ခိုင်မြို့နယ်၊ မန်ပူးကျေးရွာ အုပ်စု၊ မန်ပြိန်းကျေးရွာအုပ်စုနှင့် ပန်ကူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၃)ရွာအား ရွေးခြယ်ထားပြီး ကော်မတီများဖွဲ့စည်းကာ စီမံကိန်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)