ဒုတိယဝန်ကြီး ဦးလှကျော် နေပြည်တော်အတွင်း ဆောင်ရွက်လျက်ရှိသည့် CERP လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် သြဂုတ် ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့ နံနက် ၉ နာရီက နေပြည်တော် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာတွင် မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဦး က ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ မိုးသီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေ နှင့် CERP အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် လူစုလူဝေးဖြင့် ဆောင်ရွက်ရသောစီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံကို ထိခိုက်မှု ရှိနေသော်လည်း စိုက်ပျိုးရေးလုပ်ငန်း ၏ သဘာဝအရ လေဝင်လေ ထွက်ကောင်းသောဝန်းကျင်၌ လူတစ်ဦးနှင့်တစ်ဦး ထိုက်သင့်သည့်အကွာအဝေးတွင် လုပ်ငန်း ဆောင်ရွက်နိုင်ကြ သည့်အတွက် လယ်ယာလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးကာလတို စီမံချက်ဖြစ်သည့် " ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်" (CERP)တွင် လယ်ယာကဏ္ဍဆိုင်ရာ အထောက်အပံ့ ကို ထည့်သွင်း ဆောင်ရွက် ခဲ့ပါကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေး ၊ ပြည်ပဝင်ငွေတိုးတက် ရရှိရေးတို့အတွက် အားကိုးအားထားပြုနေရသည့် တောင်သူများ အနေဖြင့်လည်း မိမိတို့ မိသားစုနှင့် မိမိတို့ရပ်ရွာ ဘေးကင်းကျန်းမာရေးကို အလေးဂရုပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား CERP အရ ထောက်ပံ့ ငွေများပေးအပ်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် အကျိုးဆောင် တောင်သူများစိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေး အားပေးကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ၃၈၂၉ ဒသမ ၅ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ (၆၉ ဒသမ ၉၉ ရာခိုင်နှုန်း)ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မိုးစပါး ၁၄၄၀၈၂ ဧက အပါအဝင် မိုးသီးနှံစုံ စိုက်ဧကစုစုပေါင်း ၃၀၉၂၂၁ ဧက စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ ကျေးရွာပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း နှင့် မိသားစုအိမ်ခြံဝန်းစိုက်ခင်းများကို ကြည့်ရှုစစ်ဆေး အားပေး ကြသည်။

လယဝေးမြို့နယ်ရှိ သော်မှော်ကုန်း၊ ကံသာ၊ ကျွန်းကုန်း၊ ကြံခင်းစု၊ ရန်ကင်း စသည့်ကျေးရွာ (၅)ရွာအပါအဝင် နေပြည်တော် အတွင်း ကျေးရွာပေါင်း ၄၀ ၌ Myanmar SMU စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှု ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး၊ ဝင်ငွေတိုးပွားရေး စသည့်လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်လျက်ရှိကြောင်း သိရသည်။

ယင်းမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာ တွင် CERP အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေးအားပေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

သစ်တပ်ကျေးရွာတွင် Cash for Work စီမံကိန်းကို နိုင်ငံတော်၏ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) ဖြင့် အုတ်စီရေမြောင်းတူးဖော်ခြင်း၊ မြေသားမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ဒေသနေ ပြည်သူများ ဝင်ငွေရရှိရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ သုတေသနစိုက်ခင်းများနှင့် မျိုးစေ့ပြခန်းများ၊ သုတေသန ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် သုတေသနပညာရှင်များက ရှင်းလင်းပြသကြကြောင်း သိရသည်။

(သတင်းစဉ်)

https://www.moi.gov.mm/node/4898?fbclid=IwAR23w3KMWbOotw78dgdgOpfvkTOmgUW9VdswPJtsNe9okHq9SKAiKQ3SblI