တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း လုပ်ငန်းခွဲ ၄၃ ခု ရာနှုန်းပြည့် ပြီးစီး

NCDDP’s 43 Sub-project Activities Accomplished in Tongzang for Third Year Project Cycle

Chin, 14 December 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းကို ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ယခု တတိယနှစ် စက်ဝန်းမှာ လုပ်ငန်းခွဲပေါင်း ၆၀ ခု လုပ်ဆောင်ခဲ့တဲ့အနက် လုပ်ငန်းခွဲ ၄၃ ခုမှာ ရာနှုန်းပြည့် အကောင်အထည်ဖော်‌ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ လုပ်ငန်းခွဲများ အချိန်မှီ ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းခွဲ ၁၃ ခု အနက်မှ ဆွောင်းပတ် ကျေးရွာ အုပ်စု၊ ဆူရ်ပီး ကျေးရွာ ရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နယ်မြေ (၁) အဖွဲ့ခေါင်းဆောင်၊ စောင့်ကြည့် ကြီးကြပ်ရေး ဆိုင်ရာ နည်းပညာ အကြံပေး ဒေါ်ခင်မာလာနွယ်၊ ဝယ်ယူရေး ဆိုင်ရာ နည်းပညာ အကြံပေး ဦးခိုင်ခန့်၊ တာဝန်ခံ လူထု စည်းရုံးရေးမှူး၊ လက်ထောက် နည်းပညာမှူးတို့မှ ကွင်းဆင်း ကြည့်ရှု့ ခဲ့ကြပါတယ်။

ကွင်းဆင်း ကြည့်ရှု့ရာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လမ်းလုပ်ငန်းများကို သတ်မှတ် စံချိန် စံညွှန်းများနဲ့ ပြည့်မှီစေရန် လမ်းအရှည်နှင့် အကျယ်တို့ကို တိုင်းတာခြင်း ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များ အား ကျေးရွာ ကော်မတီဝင်များနဲ့ ညှိနှိုင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ စီမံကိန်း ပထမနှစ် စက်ဝန်းနဲ့ ဒုတိယနှစ် စက်ဝန်းတို့မှာ သုံးစွဲခဲ့တဲ့ ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ စောင့်ကြပ် ကြီးကြပ်ရေးနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း စတဲ့ စာရင်း ဇယားများ ကျေးရွာအတွင်းမှာ ထားရှိမှုတို့ကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ ပတ်သတ်ပြီး၊ စောင့်ကြပ် ကြီးကြပ်ရေး ဆိုင်ရာ နည်းပညာ အကြံပေး ဒေါ်ခိုင်မာလာနွယ်နဲ့ လူထု စည်းရုံးရေးမှူး ဦးထန်ရှင်းခွာလ်တို့က အခုလို ပြောကြားခဲ့ပါတယ်။

“ကျမတို့ တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှာ ဆိုလို့ရှိရင် တွန်းဇံ မြို့နယ်ဟာ အရမ်း ကျယ်ပြန့်တဲ့ အတွက်ကြောင့် ရုံးခွဲ နှစ်ခုကိုလည်း ထားပါတယ်။ ပြီးသွားလို့ ရှိရင် တစ်မြို့နယ်လုံးမှာ စီမံကိန်း လုပ်ငန်း တတိယနှစ် စီမံကိန်း စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲတွေ အကောင်အထည်ဖော်နေတာ ၆၀ ရှိပါတယ်။ ၆၀ မှာ ရာနှုန်း ပြည့် ပြီးစီးသွားတာ ၄၃ ခု ရှိပါတယ်။ ကျန်ရှိနေတဲ့ ၁၇ ခုကို လည်း ကျမတို့ ဆက်လက်ပြီးတော့မှ လာမယ့် ဇန်နဝါရီ လလောက်မှာ ပြီးစီးနိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်။ စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ကို စတင်နိုင်ဖို့အတွက် ပြီးစီးသွားတဲ့ ကျေးရွာ အုပ်စုတွေ ကျေးရွာတွေမှာ စီမံကိန်း မိတ်ဆက် အစည်းအဝေးတွေ အုပ်စု အစည်းအဝေးတွေ လုပ်ပြီးတော့မှ စတုတ္ထနှစ် စက်ဝန်း အတွက် ဘတ်ဂျတ် တောင်းခံဖို့အတွက်လည်း ဆက်လက်ပြီးတော့မှ လုပ်ဆောင်နေပါတယ်။ နယ်မြေ (၁) မှာ ဆိုလို့ရှိရင် ကျေးရွာ အုပ်စု ၇ အုပ်စု ရှိတယ်။ ကျေးရွာပေါင်း ၃၁ ရွာ ရှိတယ်။ လုပ်ငန်းခွဲ ၁၅ ခု ရှိပါတယ်။ လုပ်ငန်းခွဲ ၁၂ ခုက ပြီးစီးနေပြီး၊ ၃ ခု ကျန်နေသေးပါတယ်။ ဒါကိုလည်း မျှော်မှန်းထားတဲ့ အချိန်မှာ ပြီးစီးဖို့ ဆက်လက်ပြီးတော့ လုပ်ဆောင် နေပါတယ်။ နယ်မြေ (၁) မှာ ဆိုလို့ရှိရင် စတုတ္ထနှစ် စက်ဝန်း ကို လုပ်ဆောင်နိုင်ဖို့အတွက် ရန်ပုံငွေ တောင်းခံ နိုင်ဖို့အတွက် ပြီးစီးနေတဲ့ အုပ်စုတွေ ကျေးရွာတွေမှာ စီမံကိန်း မိတ်ဆက် အစည်းအဝေးတွေ လုပ်ဆောင်နေပါတယ်။”

“အားလုံးပဲ မင်္ဂလာပါ၊ ကျနော်က တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှာ လူထု စည်းရုံးရေးမှူး တာဝန် ထမ်းဆောင်နေတဲ့ ဦးထန်ရှင်းခွာလ် ဖြစ်ပါတယ်။ တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ နယ်မြေ (၁) မှာ ကျနော်တို့ လုပ်ငန်းခွဲ ၁၅ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ အဲထဲမှာမှ လုပ်ငန်းခွဲ ၁၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ပြီး၊ ကျန်တဲ့ ၃ ခုကိုတော့ ကျေးရွာလူထုနဲ့ တိုင်ပင်ပြီး၊ ဒီဇင်ဘာလကုန် ပြီးစီးဖို့ မျှော်မှန်းထားပါတယ်။ ကျန်ရှိနေသေးတဲ့ လုပ်ငန်းခွဲ ၃ ခုဟာ ရာသီဥတု ခက်ခဲမှု လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကြန့်ကြာနေခြင်း ဖြစ်ပါတယ်။ ဆူရ်ပီး ကျေးရွာဟာ ဆိုလို့ရှိရင် တတိယနှစ် စက်ဝန်းမှာ ရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်း ဖြစ်ပြီး၊ လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါတယ်”

တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ဆူရ်ပီး ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရွာချင်းဆက် မြေသားလမ်း ဖောက်လုပ် ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ထောင်စု ၁၇ စုမှာ လူဦးရေ ၁၁၁ ဦးတို့ အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage