အကြံပြု/တိုင်ကြားမှုစနစ်

ဝေဖန်အကြံပြု တိုင်ကြားမှု အစီအစဉ်မှ ပွင့်လင်းမြင်သာမှု တာဝန်ခံယူမှုဆီသို့

လူထုဗဟိုပြုစီမံကိန်း ပထမစက်ဝန်းတွင် လက်ခံ၊ ဖြေရှင်း အကြောင်းပြန်ခဲ့သော ဝေဖန်အကြံပြု တိုင်ကြားချက်များ။

လူူထုဗဟိုပြုစီမံကိန်း၏ ဝေဖန်အကြံပြုတိုင်ကြားမှု အစီအစဉ်နှင့်ပတ်သက်ပြီး စီမံကိန်း စတင် အကောင်အထည်ဖော်သည့် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစ၍ စီမံကိန်း မြို့နယ် ၃ မြို့နယ်ဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နမ့်ဆန်မြို့၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နှင့် တနင်္သာရီတိုင်း ဒေသရှိ ကျွန်းစုမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၃၈၅ ရွာ တွင် သတင်းမျှဝေ စည်းရုံးမှုများ ပြုလုပ်ခဲ့ပါသည်။ ကျေးရွာတိုင်းတွင်လည်း အကြံပြု စာတိုက်ပုံးများ၊ အသင့်အသုံးပြုနိုင်သောစာအိတ်များ ထားရှိပေးရုံ မက ဝေဖန်အကြံပြုတိုင်ကြားမှု အစီအစဉ်နှင့်ပတ်သက်သော ပိုစတာများ၊ လက်ကမ်းစာစောင်များ ဝေငှခြင်းဖြင့် အဆိုပါစနစ်အကြောင်း ကျေးရွာလူထု သိရှိနားလည်စေရန် အသိပညာ ဗဟုသုတများ ဖြန့်ဝေနိုင်ခဲ့ပါသည်။ ထို့အပြင် ကျေးရွာအစည်းအဝေးများမှတစ်ဆင့် တိုင်ကြားမှုစနစ်၏ လုပ်ထုံး လုပ်နည်း အသေးစိတ်ကို ကျေးရွာသူ/သားများ ပိုမို နားလည် သဘောပေါက်အောင် ရှင်းပြနိုင်ခဲ့ သည်။

စီမံကိန်းပထမနှစ်တွင် ရပ်ရွာလူထုမှ ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ်အကြောင်း နားလည် ယုံကြည်မှု ရှိစေပြီး အဆိုပါစနစ်နှင့်ပတ်သက်၍ အကျွမ်းတဝင်ရှိစေရန် ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။ ဝေဖန်အကြံပြုတိုင်ကြားမှုစနစ်ကို “ထိရောက်မှုရှိရမည်၊ လက်လှမ်းမှီရမည်၊ စိတ်ချလုံခြံုရမည်” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထား ဆောင်ရွက်ခဲ့သည်။ ထို့ပြင် လက်တွေ့တွင် ထိရောက်မှုရှိစေရန် အတွက် အကြံပြုတိုင်ကြားချက်အားလုံးကို ဖြေရှင်းပေးခြင်း၊ အကြောင်းပြန်ခြင်းများ ဆောင်ရွက်ခဲ့ သည်။ အလွယ်တကူ လက်လှမ်းမီ အကြံပြုနိုင်စေရန် အကြံပြုစာပုံးများကို စီမံကိန်းရွာတိုင်းတွင် ထားရှိခဲ့ပါသည်။ ရွာသူရွာသားများအတွက် အကြံပြုတိုင်ကြားရန် အဆင်ပြေမည့်နည်းလမ်းများ ကိုလည်း ထုတ်ဖော်နိုင်ခဲ့ပါသည်။ လူထု၏ တိုင်ကြားမှုတိုင်းကိုလည်း အကြံပြုတိုင်ကြားသူ ထိခိုက်မှု မရှိစေဘဲ လျှို့ဝှက်စွာ ဖြေရှင်းပေးခဲ့ပါသည်။

စီမံကိန်းပထမစက်ဝန်းတွင် လက်ခံရရှိခဲ့သည့် ဝေဖန်အကြံပြုတိုင်ကြားချက် စုစုပေါင်း ၃၁၈ ခု ရှိပါသည်။ အဆိုပါ တိုင်ကြားစာများ၏ ၉၇% ခန့်ကို ဖြေရှင်းအကြောင်းပြန်နိုင်ခဲ့ပြီး ကျန်အကြံပြုချက် ၃% ကို လောလောဆယ်တွင် ဖြေရှင်း အကြောင်းပြန်နိုင်ခြင်း မရှိသေးပါ။ အကြောင်းမှာ တိုင်ကြားစာ များတွင် လိပ်စာ မပါခြင်း၊ အချို့သော တိုင်ကြားစာများမှာ စီမံကိန်းနှင့် မသက်ဆိုင်သော အကြောင်း အရာများ ဖြစ်နေခြင်းတို့ကြောင့် ဖြစ်ပါသည်။  ဝေဖန်အကြံပြု တိုင်ကြားချက်များအနက် ၈၉% မှာ ရပ်ရွာလူထု၏ ဝေဖန်အကြံပြုတိုင်ကြားချက်များဖြစ်ပြီး၊၂ဝ%မှာ အမျိုးသမီးများ၏ အကြံပြုချက်များ ဖြစ်ကြသည်။

ဝေဖန်အကြံပြု တိုင်ကြားချက်များ၏ ၇၆% ကို အကြံပြုစာတိုက်ပုံးမှတစ်ဆင့် လက်ခံရရှိခဲ့ပြီး၊ ၁၂% ခန့်မှာ လူကိုယ်တိုင် တိုက်ရိုက် အကြံပြုခြင်း ဖြစ်သည်။ ထို့အပြင် ရပ်ရွာလူထု အစည်းအဝေးနှင့် တယ်လီဖုန်းတို့မှတစ်ဆင့်လည်း ဝေဖန်အကြံပြု တိုင်ကြားမှုများ လက်ခံရရှိခဲ့ပါပါသည်။ ကျေးရွာလူထု အသုံးပြုသည့် အကြံပြုတိုင်ကြားချက်လမ်းကြောင်းများကို အောက်ပါအတိုင်း လအလိုက် ဂရပ်ဆွဲ၍ ဖော်ပြပါသည်။

ဝေဖန်အကြံပြု တိုင်ကြားချက်များကို မေလနှင့် ဇွန်လများတွင်  အခြားသောလများထက် ပိုမို ရရှိခဲ့ သည်။ အကြောင်းမှာ ထိုကာလများသည် ရပ်ရွာလူထုက စီမံကိန်း အကောင်အထည်ဖော်နေသည့် ကာလများ ဖြစ်သောကြောင့်် သာမန်ကာလများထက် ထိုသို့များနေရခြင်းဖြစ်သည်။ အဆိုပါ ဝေဖန် အကြံပြု တိုင်ကြားချက်များတွင် တိုင်ကြားသော အဓိကအကြောင်းရင်းနှစ်ခုသာ တွေ့ရ သည်။  ပထမတစ်ခုမှာ ကျေးရွာကော်မတီများက ၎င်းတို့ အကောင်အထည်ဖော်နေသော လုပ်ငန်းများ တွင် ကြုံတွေ့နေရသော အခက်အခဲများအတွက် အကြံဉာဏ်များ တောင်းခံခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ကျေးရွာလူထုက လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး မကျေနပ်မှုများကို တိုင်ကြားခြင်း ဖြစ်သည်။

အကြံပြု တိုင်ကြားဖြေရှင်းစနစ်ကြောင့် စီမံကိန်းအတွင်း တိုးတက်မှုများ

အကြံပြုတိုင်ကြားခြင်းစနစ်ကို အသုံးပြုခြင်းကြောင့်ရရှိလာသော အပြုသဘောဆောင်သောသည့် တိုးတက်မှုများစွာ ရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ရပ်ရွာလူထုအနေဖြင့် စနစ်အပေါ်ယုံကြည်မှု တဖြည်းဖြည်း တိုးလာပြီး ၎င်းတို့ ထင်မြင် ယူဆ ချက်များ၊ လိုအပ်ချက်များကို တောင်းဆိုတတ်လာခြင်း၊ ၎င်းတို့၏ ဆန္ဒများ စနစ်တကျ ထုတ် ဖော်ပြောဆိုလာခြင်း
  • စီမံကိန်းနှင့် ရပ်ရွာလူထုအတွင်း ပွင့်လင်းမြင်သာမှု ပိုမိုရှိလာခြင်း။
  • ရပ်ရွာလူထုများအတွက် စီမံကိန်းမြို့နယ်ရုံး သို့မဟုတ် ပြည်ထောင်စုအဆင့်ထိ တိုက်ရိုက် ဆက်သွယ်နိုင်လာခြင်း။
  • ရန်ပုံငွေ အလွဲသုံးစားပြုမှုများ ယခင်အခြေအနေနှင့် နှိုင်းယှဉ်လျှင် သိသာစွာ နည်းပါးလာခြင်း။
  • လူထုစည်းရုံးရေးမှူးများအနေဖြင့် ကျေးရွာအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို လွယ်ကူ စွာ ဖော်ထုတ်လာနိုင်ခြင်း။
  • ကျေးရွာတွင် ဖြစ်ပျက်နေသော ပြဿနာများအား ဖြေရှင်းရန်အတွက် ရပ်ရွာလူထုမှ လုပ်ပိုင် ခွင့်၊ ဆုံး ဖြတ်ပိုင်ခွင့် ပိုမိုရရှိလာခြင်း။
  • ရပ်ရွာလူထုမှ ၎င်းတို့ ရွေးချယ်တင်မြှောက်ထားသော ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ၏ စွမ်းဆောင်ရည်နှင့် ၎င်းတို့ကျေးရွာစီမံကိန်း၏ အရည်အသွေးအပေါ် စောင့်ကြည့်အကဲဖြတ်နိုင်မှု ပိုရှိလာခြင်း။
  • ကျေးရွာများတွင် စီ်မံကိန်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ စုစည်းကြေငြာ ဖြန့်ဝေသော နေရာပေါ်ပေါက်လာခြင်း။

အကြံပြုတိုင်ကြားချက်များအား သုံးသပ်ခြင်း

လူထုဗဟိုပြုစီမံကိန်း၏ ချဉ်းကပ်ပုံနည်းလမ်းအရ ရပ်ရွာလူထုမှဦးဆောင်၍ စီမံကိန်းလုပ်ငန်း ခွဲများ ရွေးချယ်ခြင်း၊  ဆုံးဖြတ်ချက်ချခြင်း၊ ရံပုံငွေများအား စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်ရပါသည်။ ရံပုံငွေများ စီမံခန့်ခွဲခြင်းနှင့် ဝယ်ယူရေးအပိုင်းသည် ၎င်းတို့အတွက် ပထမဆုံး အတွေ့အကြုံဖြစ်သည့် အပြင် စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှု အလေ့အထများ ပြုလုပ်ရန် အားနည်းခဲ့သဖြင့် နားလည်မှု လွဲမှားခြင်းအချို့ ဖြစ်ပေါ်ခဲ့သည်ကိုလည်း  တွေ့ရပါသည်။

ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဝင်များအတွက် လုပ်ငန်းတာဝန်များ ရှင်းလင်းမှု မရှိခြင်း၊ ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် ရွာသားများအား ဦးဆောင်နိုင်စွမ်း နည်းပါးခြင်းတို့ကြောင့်၊ ယင်းကိစ္စနှင့်ပတ်သက်သော  တိုင်ကြားမှုများရှိကြောင်း တွေ့ရပါသည်။ စီမံကိန်းအစပိုင်းတွင် ရွာသူရွာသားများအား လုံလောက်သော စည်းရုံးမှုများ မပြုလုပ်နိုင်ခြင်းသည် လည်း အခက်အခဲများ ဖြစ်ပေါ်စေသော အကြောင်းအရင်းတစ်ခု ဖြစ်ပါသည်။

၎င်းအပြင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်အတွင်း ကာလဒေသနှင့် မကိုက်ညီသော အခက်အခဲများး အကြံပြုတင်ပြလာခြင်းများ ရှိသကဲ့သို့ ၎င်းတို့ လိုအပ်ချက်များ အတွက် တင်ပြတောင်းခံခြင်းများလည်း ကြုံတွေ့ရပါသည်။ အကြံပြုတိုင်ကြားချက်များကို သက်ဆိုင်ရာ ခေါင်းစဉ် အလိုက် အောက်ပါအတိုင်း အမျိုးအစားခွဲခြား၍ ဖော်ပြထားပါသည်။

  • ဝေဖန်အကြံပြု တိုင်ကြားချက်များ၏ ၁၅% မှာ ရပ်ရွာအခြေပြု စီမံကိန်းအထောက်အကူပြု ကော်မတီများ၏ မျှတမှုမရှိသော စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည်အပေါ် အားမရခြင်း၊ ဘဏ္ဍာ ရေး စီမံခန့်ခွဲမှုအပေါ် သင်္ကာမကင်းဖြစ်ခြင်း စသော အကြံပြုတိုင်ကြားခြင်းများ ဖြစ်ကြသည်။
  • ၈% က ရရှိခဲ့သော ရံပုံငွေပမာဏနှင့် ပတ်သက်ပြီး ပိုမိုထောက်ပံ့ပေးသင့်ကြောင်း အကြံပြု ချက်များ ဖြစ်သည်။  အဆိုပါ အကြံပြုချက်များကို အသေးစိတ်လေ့လာကြည့်လျှင် အောက်ပါ အတိုင်း တွေ့ရသည်။
  • ရံပုံငွေများကို အုပ်စုတစ်ခု၏ ကျေးရွာအရေအတွက်၊ လူဦးရေနှင့် အိမ်ခြေအလိုက် ခွဲဝေ ပေး သင့်ကြောင်း အများစုက အကြံပြုကြသည်။
  • ကျေးရွာ ၅  ရွာမှ အကြံပြုချက်မှာ လက်ခံရရှိသော  ထောက်ပံ့ငွေပမာဏသည် စီမံကိန်း လုပ် ငန်းခွဲ ပြီးဆုံးရန် မလုံလောက်ကြောင်း၊
  • အချို့ကျေးရွာများကမူ ရံပုံငွေများကို ပိုမိုထောက်ပံ့ပေးရန်၊ ကျေးရွာအုပ်စုမှတစ်ဆင့် မဟုတ် ဘဲ တိုက်ရိုက် ထောက်ပံ့ပေးရန်၊
  • အနည်းစုမှာ စီမံခန့်ခွဲမှုအတွက် အသေးသုံးစရိတ်ကို ပိုမိုထောက်ပံ့ပေးရန်၊
  • ကျေးရွာ ၂ ရွာမှ စီမံကိန်းလုပ်ငန်းခွဲတစ်ခုချင်းစီ၏ ကုန်ကျစရိတ်အပေါ် မူတည်ပြီး ပံ့ပိုးပေး သင့်ကြောင်း၊
  • ၄% သော အကြံပြုချက်မှာ ကျေးရွာအဆင့်တွင် ငွေထုတ်ရန်ခက်ခဲသည့်အတွက် ၎င်းတို့ ကျေးရွာအား တိုက်ရိုက်ထောက်ပံ့ပေးရန်နှင့် ကျေးရွာတွင် ငွေစာရင်းကိုင်တစ်ဦးစီ ထားပေးရန်
  • ၇% သောအကြံပြုချက်မှာ အခြား (ရေရရှိရေး၊ မီးလင်းရေး) အခြေခံအဆောက်အဦများ အတွက်လည်း ထောက်ပံ့ပေးရန်
  • ၅% မှာ အစည်းအဝေးများ မကြာခဏတက်ရခြင်း၊ ရွာတွင် ကျင်းပသော အစည်းအဝေးများ အတွက် ကြိုတင်အကြောင်းကြားပေးရန်နှင့် အစည်းအဝေး/သင်တန်းပြီးဆုံးချိန်ကိုလည်း အဆင်ပြေစွာ ညှိနှိုင်းပေးရန်၊
  • ၅%  က ရပ်ရွာအခြေပြုကော်မတီဝင်များအား လစာ သို့မဟုတ် နေ့တွက် လုပ်အားခများ ထောက်ပံ့ပေးရန်
  • ၄% က ရံပုံငွေနောက်ကျခြင်း၊ ချက်လက်မှတ်အစား ငွေသားကိုသာ ထုတ်ယူခွင့်ပေးစေလို ခြင်း၊ ရံပုံငွေ အားလုံးကို တစ်လုံးတစ်ခဲ ထုတ်ယူခွင့်ပြုရန်
  • ၃% က စီမံကိန်းအား သင့်လျော်သောရာသီဥတု၊ ရွာသူရွာသားများ အလုပ်ပါးချိန်တွင် အကောင်အထည် ဖော်လိုကြောင်း
  • အကြံပြု တိုင်ကြားမှုစနစ်နှင့် စီမံကိန်းသတင်းဖြန့်ဝေမှုအား ယခုထက် ပိုမိုကျယ်ပြန့်စွာ လုပ် ဆောင်ပေးရန်

 

အကြံပြုတိုင်ကြားမှုများအား ကိုင်တွယ်ဖြေရှင်းခြင်း

လက်ခံရရှိသော အ‍ကြံပြုတိုင်ကြားချက်များကို မြို့နယ်အဆင့်နှင့်၊ နေပြည်တော်အဆင့်တွင် ဖွဲ့စည်းထားသော အ‍ကြံပြုကော်မတီများ ညှိနှိုင်းဆွေးနွေးကာ ဖြေရှင်းပေးခဲ့ပါသည်။ စုံစမ်းစစ်ဆေးရန် လိုအပ်သော အရေး‍ကြီးသည့်အ‍ကြံပြုတိုင်ကြားချက်များကိုလည်း တာဝန်ရှိသူများအား စစ်ဆေး မေး မြန်းခြင်းဖြင့် ဖြေရှင်းပေးခဲ့ပါသည်။

ဆွေးနွေးချက်ရလဒ်များကိုလည်း အ‍ကြံပြုသူ အကြောင်းပြန်စေချင်သည့် နည်းလမ်းအတိုင်း ပြန် လည် အကြောင်းပြန်ပေးခဲ့ပါသည်။

အကြံပြု တိုင်ကြားခြင်းစနစ်ကို အကောင်အထည်ဖော်ရာတွင် ရရှိခဲ့သော သင်ခန်းစာနှင့် စိန်ခေါ်မှုများ

  • စီမံကိန်းအကောင်အထည်ဖော်ရာ  ဧရိယာသည် ကျေးလက်ဒေသများ ဖြစ်သောကြောင့် စာ တတ်မြောက်သူ နည်းပါးသည်ဟုထင်ရသော်လည်း အကြံပြုသူ အများစုမှာ ၎င်းတို့ အကြံပြု ချက်များကို စာဖြင့် ပိုမို ပေးပို့လိုကြသည်။
  • စီမံကိန်းရုံးချုပ်နှင့် မြို့နယ်များတွင် အကြံပြုချက်များ လက်ခံဖြေရှင်းပေးမည့် သီးသန့် တယ်လီ ဖုန်းလိုင်း မရှိပါ။
  • ကျေးရွာအုပ်စုအဆင့်တွင် အကြံပြုကော်မတီဖွဲစည်းထားသော်လည်း ရပ်ရွာလူထုသည် အပြီးသတ် ဆုံးဖြတ်ချက်ချ လုပ်ဆောင်ပေးနိုင်သည့် စီမံကိန်းမြို့နယ် ရုံးနှင့် နေပြည်တော် အဆင့်ကိုသာ တိုင်ကြားကြသည့်အတွက် အုပ်စုအဆင့်တွင် ဖြေရှင်းဆောင်ရွက်မှု နည်းပါး ပါသည်။
  • ထို့အပြင် ရွာသူရွာသားများအနေဖြင့် မိမိတို့ရွာတွင် ဖြစ်ပျက်နေသော ပြဿနာများကို အခြား ရွာသားများအား အသိမပေးလိုသောကြောင့်လည်း ကျေးရွာအုပ်စုအဆင့်သို့ တိုင်ကြားရန် ဝန်လေးခြင်းလည်း ဖြစ်နိုင်ပါသည်။
  • ပြည်ထောင်စုအဆင့်၊ မြို့နယ်အဆင့်များမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်စုတွင် ဖြစ်ပွား ခဲ့သည့် ကိစ္စရပ်အနည်းငယ်ကိုသာ ဖြေရှင်းပေးခဲ့ရသည်။ အကြောင်းမှာ ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများကို လူထုစည်းရုံးရေးမှူး၏ ဦးဆောင်မှုဖြင့် ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့သော ကြောင့် ဖြစ်သည်။
  • အချို့ရွာသူရွာသားများအမြင်တွင် မိမိတို့ရွာ၌ ဖြစ်ပျက်နေသော ရံပုံငွေအလွဲသုံးစားမှုကို တိုင်ကြားပါက နောက်ထပ်အကူအညီများ မရနိုင်ဟု ထင်မှားနေမှုများရှိနေသေးသည်။ ထို အချက်သည် အကြံပြုတိုင် ကြားချက်စနစ်ကို အဟန့်အတား ဖြစ်စေပါသည်။
  • အကြံပြုတိုင်ကြားစာများ လက်ခံရရှိမှု နောက်ကျခြင်းများ ရှိနေသည်။ အထူးသဖြင့် ကျွန်းစု မြို့နယ်ကဲ့သို့ သွားလာရေးခက်ခဲသော ဒေသများတွင် ပိုမိုကြုံတွေ့ရပါသည်။ သွားရေးလာရေး အခက်အခဲကြောင့် အကြောင်းပြန်ခြင်းများ နောက်ကျခြင်းသည်လည်း အ‍ကြံပြုတိုင်ကြားခြင်း စနစ်၏ ထိရောက်မှုကို အဟန့်အတားဖြစ်စေသည့် အချက်တစ်ချက် ဖြစ်ပါသည်။

စနစ်အတွက် အကြံပြုထောက်ခံချက်များ

စီမံကိန်းဒုတိယနှစ်တွင် အကြံပြု တိုင်ကြားမှုစနစ်အား ပိုမိုထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် အားဖြည့်သင့်သော အစိတ်အပိုင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • လူထုစည်းရုံံးရေးမှူးများအား အ‍ကြံပြုတိုင်ကြားဖြေရှင်းခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ပတ်သက် သော သင်တန်းများ ပို့ချရန်။
  • စီမံကိန်းမြို့နယ်များတွင် အကြံပြုစာတိုက်ပုံးများ ပိုမိုထားရှိရန်၊ အထူးသဖြင့် ရွာကြီးများတွင် အ‍ကြံပြုစာတိုက်ပုံးနှစ်ပုံးစီခန့်နှင့် သက်ဆိုင်ရာ စီမံကိန်းမြို့ပေါ်ရှိ လူစည်ကားရာနေရာများ ဖြစ်သော စျေး၊ ဆိပ်ကမ်းများတွင် ထားပေးရန်။
  • မြို့နယ်စီမံကိန်းရုံးနှင့် နေပြည်တော်ရုံးချုပ်တွင် အကြံပြု တိုင်ကြားချက်လက်ခံရန် သီးသန့် တယ်လီဖုန်းလိုင်း ထားပေးရန်။
  • မြို့နယ်အလိုက် အကြံပြုတိုင်ကြားချက်များကို လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် နည်း လမ်းများ ဖော်ထုတ်ရန်။
  • ဥပမာ-ကျွန်းစုမြို့နယ်တွင် စက်လှေများဖြင့် ချိတ်ဆက်ကာ အကြံပြုစာများအား ကျွန်းရွာများမှ မြို့နယ်ရုံးသို့ ပေးပို့ရန်။
  • ကျေးရွာတိုင်းရှိ အကြံပြုကိုယ်စားလှယ်များအား ပိုမိုချိတ်ဆက်ပြီး မြို့နယ်အြ‍ကံပြုတာဝန်ခံ များနှင့်အတူ ဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့လိုအပ်သော ခရီးစရိတ်များအား ကျေးရွာ အုပ်စု အသေးသုံး ရံပုံငွေမှ အသုံးပြုနိုင်ရေး စီစဉ်ပေးရန်။
  • စီမံကိန်းစက်ဝန်း ဒုတိယနှစ်၊ ပထမဦးဆုံးကျင်းပမည့် ကျေးရွာအစည်းအဝေးတွင် ပထမနှစ် တွင် လက်ခံ ဖြေရှင်းအရေးယူခဲ့သော အကြံပြုတိုင်ကြားချက်များအား ရွာသူရွာသားများအား ချပြရန်။
  • ရပ်ရွာလူထုအတွင်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံယူမှုအပိုင်း ပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်ရန်။
  • ကျေးရွာတွင်း အကြံပြု တိုင်ကြားချက်များအား ကျေးရွာအကြံပြု ကိုယ်စားလှယ်နှင့် လိုအပ်ပါ က အုပ်စု ကော်မတီများ ပူပေါင်းဖြေရှင်းရန်။