ပေါက်မြို့နယ် ဝန်ခြုံးကျေးရွာ ရွာတွင်း မြေနီလမ်းခင်း

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတဲ့ ဝန်ခြုံးအုပ်စု၊ ဝန်ခြုံးကျေးရွာ တွင်း မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇွန်လ ၁ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ခဲ့ပါတယ်။

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး ဦးကျော်သက်၊ လူထု စည်းရုံးရေးမှူး ဦးခိုင်ဇော်ဝင်းတို့မှ လုပ်ငန်းကော်မတီဝင်များနှင့်တွေ့ဆုံပြီး၊ လုပ်ငန်းဆောက်ရွက်မှု အခြေအနေများ ကို ကွင်းဆင်းကြည့်ရှု့ခဲ့ရာ လိုအပ်သည့် နည်းပညာများကို လုပ်ဆောင်နိုင်ဖို့အတွက် နည်းပညာများကို လမ်းညွှန်ခဲ့ပါတယ်။ အဆိုပါ ကျေးရွာတွင်း မြေနီလမ်းခင်းခြင်း လုပ်ငန်းမှာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၈၅ သိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ ဒေါ်တင်နွယ်ရီက ကျေးရွာ မြေနီလမ်း ခင်းခြင်းနဲ့ ပတ်သတ်ပြီး၊ အခုလို ပြောပါတယ်။

“ကျမ လုပ်ရတဲ့ ရာထူးကတော့ စီ/ထောက် ဥက္ကဌ ဖြစ်ပါတယ်၊ ကျမတို့ ရွာကို စီမံကိန်း ငွေ ကျလာတာ ၈၅ သိန်း ကျပါတယ်ရှင့်၊ ၈၅ သိန်း ကျတဲ့ဟာကို ပေ ၁၂၀၀ ကို ခင်းခဲ့ပါတယ်၊ ပေ ၁၂၀၀ ခင်းခဲ့ပြီးလို့ ပိုတဲ့ ပိုက်ဆံ နဲ့ ရွာလူထုရဲ့ ငွေအင်အားနဲ့ လုပ်အားနဲ့ ဆက်ပြီးတော့မှ ဒီလမ်းလေးကို ခင်းနေပါတယ်ရှင့်”

ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) မှ ကျေးလက် ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းခွဲ စုစုပေါင်း ၂၇၃ ခု ကို စီမံကိန်း ထောက်ပံ့ငွေကျပ် သန်းပေါင်း ၃၁၀၉ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ သတင်း - ဉာဏ်တိုး (ပေါက်) Credit- SkyNet Media Coverage #NCDDP #DRD #MOALI #WorldBank