ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ ဆိုင်ရာ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်အမှာ စကားပြောကြား

Union Minister Dr Aung Thu delivers opening remarks at the annual coordination meeting on rural development

Naypyitaw, 11 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင် နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဦးစီးမှူးများနဲ့ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၉ ရက်နေ့ မနက် ၁၀ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် လမ်းညွှန် အမှာစကားပြောကြားခဲ့ကြောင်း သိရပါတယ်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက "Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်"(CERP)အရ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ နည်းတူ ဆက်လက် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာ အဂတိတရား ကင်းရှင်းပြီး ပွင့်လင်းမြင်သာစွာ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လမ်းညွှန် အမှာစကားမှာ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်ရေရရှိရေး လုပ်ငန်း ပေါင်း ၄၄၇၉ ခု၊ မြို့ရေပေးရေး စီမံကိန်းကို မြို့ ၁၁ မြို့၊ ကျေးလက်ကုန်ထုတ်လမ်း ၇၄၁ မိုင် ၃ ဒသမ ၂ ဖာလုံနှင့် ကုန်ထုတ် တံတား ၁၁၀၂ စင်း၊ လူထုဗဟိုပြု စီမံကိန်း ကို ကျေးရွာပေါင်း ၆၀၀၁ ရွာ၊ မြစိမ်း ရောင်ကျေးရွာ စီမံကိန်းယူနစ် ၅၇၀၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးရွာ ပေါင်း ၃၄၅၀၊ ကျေးလက် အိမ်ရာ အဖြစ် ၂၉၇ လုံး၊ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း အဖြစ် အကြိမ်ရေ ၆၇၃ ကြိမ်ဖွင့်လှစ်ပို့ချနိုင် ခဲ့ကြောင်း ရှင်းလင်း တင်ပြပါတယ်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က CERP အရ Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၂၅၀၅ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၄၄၀၂ ခု ဆောင်ရွက်နိုင်ခဲ့၍ လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်းခန့် အကျိုးပြုခဲ့ပြီး၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း ၁၇၁၀ ရွာမှာ ဆောင်ရွက်ခဲ့သဖြင့် အိမ်ထောင်စုပေါင်း ၁ ဒသမ ၃၄ သိန်းကျော် ကို လုပ်ငန်း ကဏ္ဍအလိုက် မတည်ရန်ပုံငွေများ ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျေးရွာနှင့် မြို့ပြနေရာ ၃၁၈၆ နေရာတွင် လက်ဆေးဘေစင်ပေါင်း ၄၀၆၃ ခု တပ်ဆင် ဆောင်ရွက်ခဲ့ကြောင်းနဲ့ ဦးစီးဌာနမှ ဆောင်ရွက်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း တိုးတက်ပြောင်းလဲမှုများ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာ ရန်ပုံငွေ ရရှိမှုနှင့် ကြိုတင်ပြင်ဆင် ထားရှိမှုတို့ကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ပါတယ်။

အဆိုပါ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ၊ အမြဲတမ်း အတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များအပြင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၇ ဖွဲ့၊ ခရိုင် ၇၂ ခရိုင် မြို့နယ် ၂၈၀ မြို့နယ်တို့မှ ဝန်ထမ်းအင်အား စုစုပေါင်း ၂၇၁၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

Credit- SkyNet Media Coverage

#CFW, #CERP, #DRD, #WorldBank, #NCDDP