ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့်အဖွဲ့ ပဲခူးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ရှိ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် သြဂုတ် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ပြည်မြို့ ဖုမ္မသိမ်ကျေးရွာမှာ "ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရဆောင်ရွက်တဲ့ Cash for Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ပြည်မြို့နယ်မှာ Cash For Work စီမံကိန်း (၉) ရွာ မှာ လုပ်ငန်းခွဲပေါင်း(၂၅)ခု အား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး စီမံကိန်းအသုံးစရိတ် ၃၇ ရာခိုင်နှုန်းကို လုပ်ငန်း သုံးပစ္စည်းနှင့် ၆၃ ရာခိုင်နှုန်းကို လုပ်သားခ အဖြစ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာ Cash For Work စီမံကိန်းကို မြို့နယ်(၂၈) မြို့နယ်ရှိ ကျေးရွာ (၂၅၀) မှာ လုပ်ငန်းခွဲပေါင်း (၆၄၇) ခုအား ငွေကျပ်သန်း ၂၅၀၀ အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း (၂၂၀) မှာ ငွေကျပ်သန်း ၅၉၀၀ အသုံးပြုပြီး VRFP စီမံကိန်းကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

အလားတူ CERP အရ ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ငါးမွေးတောင်သူ ၁၉၄၇ ဦး ရဲ့ ငါးမွေးကန် ၁၉, ၄၇၈ ဒသမ ၆၉ ဧက အတွက် ကျပ် ၇၇၉ သန်းကျော် အသုံးပြုပြီး၊ ငါးသားပေါက်များ ထောက်ပံ့ပေးလျက်ရှိပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးနဲ့အဖွဲ့ဟာ ပြည်မြို့မှာရှိတဲ့ "ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်" (CERP) အရ ဆောင်ရွက်တဲ့ မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေး ပေးခဲ့ပါတယ်။

ပြည်ခရိုင်မှာ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ မိုးစပါး မျိုးစေ့ထုတ် ဧကစုစုပေါင်း ၉၈၂၄ ဒသမ ၅ ဧက စိုက်ပျိုးသွားမှာ ဖြစ်ပြီး ထောက်ပံ့ငွေကျပ် ၁,၄၅၉,၄၇၈,၂၅၀ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနဲ့ အဖွဲ့ဟာ ပြည်မြို့နယ် ဇီးအုပ် ကျေးရွာမှာ ရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေးစခန်းတွင် သင်တန်းတက်ရောက်လျက်ရှိတဲ့ တောင်သူလယ်သမား ကိုယ်စားလှယ် သင်တန်းသားများနဲ့ တွေ့ဆုံပြီး၊ ဆောင်ရွက်ဆဲ မြေယာပြဿနာများနဲ့ လယ်ယာမြေ ဥပဒေ ဆိုင်ရာများကိုလည်းကောင်း၊ တောင်သူလယ်သမား အသင်း အစုအဖွဲ့များ ဖွဲ့စည်းရေးအတွက် တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေရေးဆွဲနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနဲ့ ညွှန်ကြားရေးမှူး ချုပ်တို့က CERP စီမံကိန်းအရ မိုးစပါး မျိုးစေ့ထုတ် ထောက်ပံ့ငွေနဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးနဲ့ အဖွဲ့ဟာ သင်တန်း ခန်းမဆောင် တည်ဆောက် နေမှုနဲ့ ဘက်စုံ စိုက်ပျိုး မွေးမြူရေး ပေါင်စည်းလယ်ယာစနစ် တို့ကို ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြပါတယ်။

နေ့လည်ပိုင်းမျာ ပြည်ထောင်စု ဝန်ကြီးနဲ့ အဖွဲ့ဟာ အောင်လံမြို့နယ် လက်ပန်ကန်ကျေးရွာသို့ ရောက်ရှိကြပြီး Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်ထားတဲ့ မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ လုပ်အားခငွေများ လက်ငင်းပေးချေနေမှုကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ကြပါတယ်၊

အလားတူ မအူခုံကျေးရွာမှာ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်ထားတဲ့ ကျေးရွာကျောက်ချောလမ်းခင်း လုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ လုပ်အားခငွေများ လက်ငင်းပေးချေနေမှုများကို လည်ကောင်း ကြည့်ရှု့ စစ်ဆေးပြီး၊ ပြည်ထောင်စု ဝန်ကြီးက ဒေသနေ ပြည်သူများ နှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ဟာ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာမှာ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP) အရ စိုက်ပျိုးထားရှိတဲ့ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနဲ့ ကုန်ထုတ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးပါတယ်။

အဲဒီနောက် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက ဝက္ကသေးကျေးရွာမှာရှိတဲ့ မွေးမြူရေး တောင်သူများအား တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနဲ့ အညီ ဖွင့်လှစ်ပို့ချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပါတယ်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာရပ်မိရပ်ဖများ၊ ငါးမွေးတောင်သူများ၊ သိုး၊ ဆိတ်၊ နွား မွေးမြူရေး လုပ်ကိုင်သူများနဲ့ တွေ့ဆုံစဉ် ပြီး၊ ပြည်ထောင်စု ဝန်ကြီးက မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်ရာမှာ ပြည်တွင်း စားသုံးမှုအတွက် သာမက နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် GAP၊ GAHP ကျင့်စဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်(CERP) အရ မိုးစပါး မျိုးစေ့ထုတ်စိုက် တောင်သူများအတွက် ထောက်ပံ့ငွေများနဲ့ ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များကို လည်းကောင်း၊ မိသားစု အိမ်ခြံဝန်း ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးကြရန် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။

(မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းစဉ်)

https://www.moi.gov.mm/news/4562