ပေါက်မြို့နယ် ဝန်ခြုံး ကျေးရွာတွင်း မြေနီလမ်း ပြီးစီးမှု လူထု စစ်ဆေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်း ပြီးစီးအောင်မြင်မှုအတွက် လူထု စစ်ဆေးပွဲကို ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ လူထု စစ်ဆေးပွဲကိုတော့ လူထုရဲ့ လုပ်ပိုင်ခွင့်နဲ့ ပူးပေါင်း ပါဝင်မှုတွေကို မြှင့်တင်ပေးဖို့ ပွင့်လင်းမြင်သာ ရှိမှု၊ ထိရောက်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို တိုးမြှင့်ပေးဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါတယ်။

အခု အချိန်မှာတော့ Covid-19 ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလ ဖြစ်တာကြောင့် ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ အညီ လူစု လူဝေး မဖြစ်ကြရအောင် မြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ လက်ထောက်နည်းပညာမှူး ဦးကျော်သစ်၊ လူထု စည်းရုံးရေးမှူး ဦးခိုင်ဇာဝင်းတို့ဟာ ကျေးရွာ ကော်မတီ အဖွဲ့ဝင်တွေနဲ့ အတူ ဆောင်ရွက်ပြီးစီးခဲ့တဲ့ လုပ်ငန်းတွေ အပေါ် ကျေးရွာလူထုက ကျေနပ်မှု၊ ညီမျှမှု ရှိမရှိကို ရယူကြဖို့အတွက် စစ်တမ်း စာရွက်တွေကို အိမ်တိုင်ရာရောက် လိုက်လံ ဝေငှပေးခဲ့ကြပြီး လွတ်လပ်စွာ မဲပေးတဲ့ စနစ်တွေနဲ့ စစ်တမ်း စာရင်း ကောက်ယူခဲ့ကြတာ ဖြစ်ပြီး၊ ထွက်ပေါ်လာတဲ့ လုပ်ငန်း ရလာဒ်တွေကိုလည်း ပွင့်လင်းမြင်သာမှု ရှိစေဖို့ အတွက် လော်စပီကာတွေနဲ့အော်ပြီး ပြန်လည် ချပြတာ ကြော်ငြာ ဆိုင်းဘုတ်တွေမှာ ကပ်ပြထားတာတွေကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။

လူထု စစ်ဆေးပွဲ ပြုလုပ်တာနဲ့ ပတ်သတ်လို့ ဝန်ခြုံးကျေးရွာ ကျေးရွာ ငွေစာရင်းကိုင် ဒေါ်ဆွေဇင်ထိုက်ကလည်း အခုလို ရှင်းပြခဲ့ပါတယ်။

ကျမတို့ ဝန်ခြုံး ကျေးရွာဟာဆိုရင် လူထု ဗဟိုပြု စီမံကိန်းကနေ ပထမနှစ်မှာ ဆိုလို့ ရှိရင် ရွာတွင်းလမ်းနဲ့ ရွာတွင်းဝင်လမ်း ပြုပြင်ခဲ့ ပါတယ်၊ ဒုတိယ နှစ်မှာ ဆိုလို့ ရှိရင် စာသင်ကျောင်း ပြုပြင်ခဲ့ပါတယ်၊ တတိယနှစ် မှာတော့ ရွာတွင်းလမ်း ပြုပြင်ခဲ့ပါတယ်၊ ဒီ စတုတ္ထနှစ်မှာတော့ ရွာတွင်းလမ်းကို ပြုပြင်ခဲ့ပါတယ်။ ပထမနှစ်၊ ဒုတိယနှစ် နဲ့ တတိယနှစ်တွေမှာ လူထု စစ်ဆေးပွဲဆိုတာ ဌာန ဆိုင်ရာတွေကနေ လူကြီးတွေ ဖိတ်ပြီးကာမှ လူထု စစ်ဆေးပွဲ ပြုလုပ်ခဲ့ပါတယ်၊ အခု စတုတ္ထနှစ်မှာ ကျတော့ လုပ်ငန်းဟာ အောင်မြင်စွာ ပြီးစီးသွားခဲ့တယ်၊ ဒါပေမယ့် ကျမတို့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လူထုလူဝေး မလုပ်ရ တာ ဖြစ်တဲ့ အတွက်ကြောင့် ကျမတို့ ဌာနဆိုင်ရာ လူကြီးများကို ဖိတ်ကြားပြီး လက်ထောက်နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးတွေနဲ့ ကော်မတီဝင်များဟာ ရွာထဲကို လိုက်လံပြီးကာမှ ကျမတို့ လုပ်ငန်း အပေါ်မှာ ကျေနပ်တာ မကျေနပ်တာ မဲ လိုက်လံပြီး ကောက်ခဲ့ပါတယ်။ ပြီးတဲ့ အခါမှာ ငွေစာရင်း ရှင်းတမ်းတွေကိုလည်း ပြုလုပ် ခဲ့ပါတယ်။”

ဝန်ခြုံးကျေးရွာက အရှည် ၁၆၈၀ ပေ၊ အကျယ် ၁၆ ပေ၊ ထု ၈ လက်မ ရှိတဲ့ ကျေးရွာတွင်း မြေနီလမ်းကို လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ ငွေ ကျပ် ၈၅ သိန်း၊ ကျေးရွာလူထု ထည့်ဝင်ငွေ ၄၈ သိန်း ကျော်၊ စုစုပေါင်း ကျပ် သိန်း ၁၃၀ ကျော်နဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ ဇွန်လ ၂၇ ရက်နေ့မှာ ပြီးစီးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်း ပြီးစီးအောင်မြင်မှုနဲ့ ပတ်သတ်လို့ ဝန်ခြုံးကျေးရွာက အိမ်ထောင်စု ၂၄၅ စုက လူဦးရေ ၁၂၂၃ ဦးတို့ရဲ့ လုပ်ငန်း အပေါ် မဲပေး ဆုံးဖြတ်ခဲ့ရာမှာတော့ အလွန်ကျေနပ်မဲ ၂၄၅ မဲ၊ ကျေနပ်မဲ ၂၄ မဲ၊ မကျေနပ်မဲ ၁ မဲ ရရှိခဲ့ကြပြီး၊ အဲဒီ မဲရလာဒ်တွေကိုလည်း ပွင့်လင်းမြင်သာစွာ ချပြ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank