ရေတွင်းကုန်းကျေးရွာ စာသင်ကျောင်းဆောင်သစ် လုပ်ငန်းခွင် ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) နဲ့ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တဲ့ ရေကျော် အောက်ကျေးရွာ အုပ်စု ရေတွင်းကုန်းကျေးရွာ အခြေခံ ပညာ အလယ်တန်းကျောင်း စာသင်ကျောင်းဆောင် သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို မေလ ၃၁ ရက်နေ့ မနက် ၁၀ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ ဧရာဝတီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊ ငပုတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း တာဝန်ရှိသူများက ရေတွင်းကုန်း ကျေးရွာ လူထုဗဟိုပြု စီမံကိန်း ကော်မတီဝင်များနဲ့အတူ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ရန်ပုံငွေနဲ့ ဆောင်ရွက်ခဲ့တဲ့ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို မှာကြားပါတယ်။

အဆိုပါကျေးရွာ အခြေခံအလယ်တန်းကျောင်း စာသင်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းကိုတော့ လူထု ဗဟိုပြု စီမံကိန်းမှ စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၇၀၊ ပြည်သူထည့်ဝင်ငွေ သိန်း ၁၀၀ စုစုပေါင်း ငွေကျပ် သိန်း ၂၇၀ နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

သတင်း - စိုးမိုးကျော်
Credit- SkyNet Media Coverage
#NCDDP #DRD #MOALI #WorldBank