သတင်း ပြန်ကြား ဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြခန်း ပျော်ဘွယ်တွင် ပြသ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကာ ပျော်ဘွယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းတွင် ဆောင်ရွက်ထားသည့်လုပ်ငန်းများ ကျေးလက်နေပြည်သူများ သိရှိနိုင်ရေးအတွက် သတင်းပြန်ကြားဆက်သွယ်ရေးဆိုင်ရာ မှတ်တမ်းဓါတ်ပုံပြပွဲကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီ က ဆူးချင်ကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။

အဆိုပါ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်း ဓါတ်ပုံ ပြခန်းကို မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာဝင်းစံ၊ ဦးစီးအရာရှိ ဒေါ်စုစု နှင့် ကျေးရွာမှ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

အခမ်းအနားတွင် ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံက အဖွင့်အမှာစကားပြောကြားပြီး၊ သတင်းပြန်ကြားဆက်သွယ်ရေး တာဝန်ခံ ဒေါ်မြတ်မြတ်သူက ပြခန်း ဖွင့်လှစ် ပြသရခြင်းနှင့် ပတ်သတ်၍ ကျေးရွာလူထုမှစီမံကိန်းအကြောင်းကို ပိုမိုသိရှိပြီးကျေးရွာကော်မတီဝင်များနှင့်အတူ တကွပူးပေါင်းဆောင်ရွက်နိုင်စေရန် နှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတင်းပြန်ကြားဆက်သွယ်ရေးကဏ္ဍ အကောင်အထည်ဖော်ခြင်းဖြင့် လူထုကိုထိရောက်စွာ ပညာဖြန့်ဝေပေးနိုင်ရန် စသည့် ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသောသူများအား ကျေးရွာမှ ကလေးငယ်လေးများမှ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် လူထုဗဟိုပြုစီမံကိန်းဆိုင်ရာ အချက်အလက်များ ဖြန့်ဝေသည့်ပစ္စည်းများနှင့် မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှူလေ့လာခဲ့ကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် လူထု ဗဟိုပြု စီမံကိန်းဝန်ထမ်းများက တက်ရောက်လာသူများအား စီမံကိန်းဆိုင်ရာ အချက်အလက်များကို မေးမြန်းပြီး အဖြေမှန် သူများကို စီမံကိန်းတံဆိပ်ပါ တီရှပ်၊မိုးကာအင်္ကျီ၊ကျောပိုးအိတ်၊ဦးထုပ်များကို အမှတ်တရလက်ဆောင်ပေးအပ်ခြင်းနှင့် စီမံကိန်းလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)