ပြောင်းကျေးရွာနှင့် ငကုန်းကျေးရွာ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး

 

မင်းတုန်း  မေ  ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ ပြောင်းကျေးရွာနှင့် ငကုန်းကျေးရွာ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းခြင်းကို မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း ရန်ပုံငွေဖြင့်  ဖေဖော်ဝါရီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း  အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာအုပ်စု၊ ငကုန်းကျေးရွာသည် မင်းတုန်းမြို့အနောက်တောင်ဘက် တောင်ကုန်း တောင်တန်းများ ထူထပ်သည့်နေရာတွင်တည်ရှိပြီး အိမ်ခြေ(၉၄) လူဦးရေ(၅၀၃)ဦးရှိကာ အရှိုချင်းများနေထိုင်သည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်း၊ ယခင်က အကျယ်သုံးပေခန့်ရှိသောလမ်းမှ လူနှင့်ဆိုင်ကယ်များသာ သွားလာခဲ့ရကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်မွန်မှုမရှိသည့်အတွက် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ပူးပေါင်းပြီး အရှည် ၁၀ မိုင် ၆ ဖာလုံရှိတဲ့ ပြောင်းကျေးရွာနှင့် ငကုန်းကျေးရွာ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းကို  လူထုဗဟိုပြုစီမံကိန်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စက်ဝန်းများတွင် အရှည် ခုနစ်မိုင် ခုနစ်ဖာလုံ အကျယ် ၁၂ပေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျန်ရှိသည့် အရှည်နှစ်မိုင် ခုနစ်ဖာလုံ  မြေသားလမ်းဖောက်လုပ်ခြင်းကိုတော့ ယခုစတုတ္ထနှစ်စက်ဝန်းမှာ စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၉၅ ဒသမ ၆၉၈ သိန်းနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများမှ နည်းပညာပံ့ပိုးပြီး အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာပါ။ လက်ရှိမှာတော့ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်တယ်လို့” မင်းတုန်းမြို့နယ်လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးဝင်းသူရက ရှင်းပြသည်။

မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာအားလုံးတွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် လမ်းပြုပြင်ခြင်းလုပ်ငန်း(၅၁)ခု၊ တံတားပြုပြင်ခြင်းလုပ်ငန်း(၅)ခု၊ မီးလင်းရေးလုပ်ငန်း(၇၂)ခု၊ ရေရရှိရေးလုပ်ငန်း(၂၃)ခု၊ ပညာရေးနှင့် သက်ဆိုင်သော အဆောက်အဦ(၁၀)ခု၊ ဘက်စုံသုံးခန်းမ(၁၆)ခု၊ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း(၇)ခု စုစုပေါင်းလုပ်ငန်း(၁၈၄)ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သန်း(၁၈၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

စိုးမိုးကျော်