ပေါက်မြို့နယ် ပင်တောင်ကျေးရွာ၌ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

 

ပေါက် မေ  ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပင်တောင်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့် ပေါက်မြို့နယ် မြို့နယ်ပညာရေးမှူး ဦးမြင့်ဌေးတို့က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်အေးအေးသန့်က ကျောင်းဆောင်သစ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ပါသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ကို  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကျောင်းဆောင်သစ်ဆောက်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးပါသည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင်သစ် အလျား ၉၀ ပေ အနံ ၃၀ ပေ အမြင့် ၁၂ ပေ ဆောက်လုပ်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် ၁၅၅ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၈ ဒသမ ၆ သိန်းဖြင့် လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ စိုးမိိုးကျော်