လူထုဗဟိုပြု စီမံကိန်း သတင်းပြန်ကြား ဆက်သွယ်ရေးပြခန်း ပုသိမ်တွင်ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်း တိုင်းဒေသကြီးအဆင့် သတင်းပြန်ကြား ဆက်သွယ်ရေး ပြခန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၀ ရက် နံနက် ၉ နာရီအချိန် တွင် ဖွင့်လှစ်ပေးခဲ့ပြီး၊ ပြခန်းကို ဖေဖေါ်ဝါရီလ  ၁၃ ရက်နေ့အထိ ပုသိမ်မြို့ရှိ ပြည်ထောင်စုကွင်းတွင်ကျင်းပပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် စိုက်မွေးသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း တို့မှ လှည့်လည်ကြည့်ရှုခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်း သတင်းပြန်ကြား ဆက်သွယ်ရေး ပြခန်းများကို အထိမ်းအမှတ်နေ့များတွင် စီမံကိန်းအကြောင်းအများ ပြည်သူများပိုမိုသိရှိစေရန်နှင့် ဝန်ထမ်းများနှင့် ပြည်သူများ ထိတွေ့ဆက်ဆံမှု အားကောင်းလာစေရန်  ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ပြည်သူ့လူထုထံသို့ စီမံကိန်းအကြောင်း ထိထိရောက်ရောက် အသိပညာဖြန့်ဝေနိုင်စေရန် ရည်ရွယ်ပါသည်။

ပြခန်းအတွင်း စီမံကိန်းနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ စီမံကိန်းလုပ်ငန်းခွဲပုံစံငယ်များ၊ သတင်းပါရှိမှုများ၊ ကျေးရွာများမှ ရေးစပ်ထားသော စီမံကိန်းကဗျာများ၊ အောင်မြင်မှုအကြောင်း သတင်းများ၊ ရေသန့်စင်ရေးစနစ်များထည့်သွင်းပြသထားပြီး စီမံကိန်းနှင့်ပတ်သက်သော မေးခွန်းများမေး၍ ဖြေဆိုသူများအား စီမံကိန်းအမှတ်တံဆိပ်ပါ  လက်ဆောင်ပစ္စည်များ မဲဖောက် ပေးသည့်ကဏ္ဍအား ထည့်သွင်းထားပါသည်။ ပြခန်းကို  ၄ ရက်တာကျင်းပရာတွင်  စုစုပေါင်းလူဦးရေ ၁၀၀၀ ဦးရေ ခန့်တက်ရောက် ကြည့်ရှု့ခဲ့ပါသည်။