တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်မှုများကို ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံမှ ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဆွေးအုပ်(လ/ထညွှန်ကြားရေးမှူး)သည် ပြည်နယ်စီမံကိန်းဝန်ထမ်းများ၊ တွန်းဇံမြို့နယ်စီမံကိန်း ဝန်ထမ်းများနှင့်အတူ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ ကန့်ဆောက်ကျေးရွာအုပ်စု၊ ခေါဒမ်ကျေးရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၁၃၈)သိန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာချင်းဆက်မြေသားလမ်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်မှုကို (၂၈.၇.၂၀၁၉) ရက်နေ့တွင် ကြည့်ရှုခဲ့ပြီး ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံရာ စီမံကိန်းလုပ်ငန်းရွေးချယ်ရာတွင် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော လုပ်ငန်းများကို ကျေးရွာလူထုအားလုံးမှ ရွေးချယ်ရန်နှင့် ယခင် ပထမနှစ်စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော ရေပိုက်လိုင်းတိုးချဲ့ခြင်းလုပ်ငန်းအတွက် ရေးဆွဲခဲ့သော လည်ပတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်ကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရေး တိုက်တွန်းပြောကြားခဲ့ပါသည်။ စီမံကိန်းတာဝန်ခံသည် ဇမ်ပီးကျေးရွာနှင့် လွောင်အဲလ်ကျေးရွာ ဘက်စုံသုံးခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးရာ အဆောက်အဦးရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် နည်းပညာပိုင်းလိုအပ်ချက်များကို ထပ်မံဆောင်ရွက်ရေး မှာကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံသည် (၂၉.၇.၂၀၁၉)ရက်နေ့တွင် တွီးမန်ကျေးရွာအုပ်စု၊ တွီးမန်ကျေးရွာတွင် ဆောင်ရွက်သော ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့် တုန်းတွောလ်ကျေးရွာအုပ်စု၊ တုန်းတွောင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သော ကျေးရွာဘက်စုံသုံး ခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးကာ ကွန်ကရစ်လမ်းနှင့် ခန်းမဆောင်ရေရှည်တည်တံ့ခိုင်မြဲစေရေး လိုအပ်သည်များ ထပ်မံဆောင်ရွက်ရေးမှာကြားခဲ့ပါသည်။