ကျေးရွာတွင်း ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၁၄ မေလ ၂၀၁၉

ခလယ်အုပ်စု၊ ခလယ်ရွာကြီးကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာတွင်း ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားနှင့် လူထုစစ်ဆေးပွဲ အခမ်းအနားကို (၁၄.၅.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားတွင် ခလယ်ရွာကြီးကျေးရွာ တောင်ပတ်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဦးသုဇာတ၊ ဦးမြဝင်း(အငြိမ်းစားလွှတ်တော်ကိုယ်စားလှယ်)နှင့် ဦးစောစန်းညွန့်မောင်(ခလယ်အုပ်စုအုပ်ချုပ်ရေးမှူး)တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် ဦးစောစန်းညွန့်မောင်(ခလယ်အုပ်စုအုပ်ချုပ်ရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာလူငယ်များမှ ကရင်ရိုးရာဒုံးအကဖြင့် ကပြခဲ့ပါသည်။

          အဆိုပါကျေးရွာတွင်း ကျောက်ချောလမ်းသည် အလျား (၃၅၂၀)ပေ၊ အနံ (၁၂) ပေ၊ အမြင့် (၉)လက်မရှည်လျားပြီး လူထုဗဟိုပြုစီမံကိန်းရံပုံငွေ (၃၁၂၀၀၀၀၀) ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည်။

          ကျောက်ချောလမ်းဖောက်လုပ်ခြင်းကြောင့် ကျေးရွာလူထုနှင့် တွေ့ဆုံမေးမြန်းရာတွင် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေခြင်း၊ ကျန်းမာရေးအတွက် မြို့သို့လျှင်မြန်စွာ ဆေးကုသနိုင်ခြင်း၊ သက်ကြီးများ၊ မသန်မစွမ်းများ၊ ကလေးများအတွက်သွားလာရေးနှင့် ဘာသာရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် အဆင်ပြေကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက်ဆက်လက်၍ ကျောက်ချောလမ်းနှင့်ပတ်သက်၍ ကျေးရွာလူထုမှ ကျေနပ်မှုရှိ/မရှိကို လူထုစစ်ဆေးပွဲပြုလုပ်ကာ ဆောင်ရွက်ခဲ့ပါသည်။

          အခမ်းအနားသို့ ကျေးရွာလူထု (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။