မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်း တိုးချဲ့မြို့နယ် ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်းမြို့နယ်(၁)မြို့နယ် တိုးချဲ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက်  စီမံကိန်းမြို့နယ်ရွေးချယ်နိုင်ရေး အကြံဉာဏ်ရယူခြင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက အဖွင့်အမှာ စကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ် ညွှန်ကြားရေးမှူး ဦးကျော်စွာအောင် က လူထုဗဟိုပြု စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းမြို့နယ်ရွေးချယ်ရာတွင် စည်းမျဉ်းများ၊ အခြေခံရွေးချယ် ရမည့် အချက် အလက်များ အားရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

ထိုနောက် မြို့နယ်ရွေးချယ်ခြင်း၊ အကြံဉာဏ်ရယူခြင်း အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများက အဖွဲ့(၁၀)ဖွဲ့ခွဲ၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ လူထုဗဟိုပြုစီမံကိန်းမြို့နယ်အဖြစ် ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးမြို့နယ်များကို ရွေးချယ်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က အဖွဲ့များ၏ဆွေးနွေးမှု ရလာဒ်များအား တင်ပြခဲ့ပြီး စီမံကိန်း မြို့နယ်အဖြစ် ပထမဦးစားပေး ငဖဲမြို့နယ်၊ ဒုတိယဦးစားပေးအဖြစ် နတ်မောက်မြို့နယ်၊ တတိယ ဦးစားပေးအဖြစ် ဆင်ပေါင်ဝဲမြို့နယ် အမည်စာရင်းများအား ကြေငြာခဲ့ပါသည်။

 အဆိုပါအခမ်းအနားကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက နိဂုံးချုပ်ရှင်းလင်းပြောကြားပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ INGO,NGO, CSO များ၊ ရပ်မိရပ်ဘများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း(၇၀၅)ဦးခန့် တက်ရောက်ကြခဲ့ကြကြောင်းသိရသည်။ သတင်း- စိုးမိုးကျော်