စီမံကိန်းမြို့နယ်သစ် ရွေးချယ်ရေး အစည်းအဝေး ဟားခါးမြို့နယ်တွင် ကျင်းပပြီးစီး

ကမ္ဘာဘဏ်နှင့် အခြား ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်အကောင်အထည် ဖော်လျက်ရှိသော လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (National Community Driven Development Project - NCDDP) ကို ၂၀၂၀ ခုနှစ်တွင် မြို့နယ် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကာဆင်ခန်းမတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဘများနှင့် အခြား စိတ်ပါဝင်စားသူ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန နေပြည်တော် ရုံးချုပ်မှ ဒုတိယ ညွှန်ကြာရေးမှူးချုပ် ဦးမောင်ဝင်းက မိတ်ဆက်စကားပြောကြားခြင်း၊ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် စီမံကိန်းရွေးချယ်ရေး စည်းမျဉ်းများ လမ်းညွှန်ချက်များအား ရှင်းလင်း ပြောကြား ခြင်းတို့ ပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ ပြန်လည်ရှင်းလင် းဖြေကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများအားအဖွဲ့ ၁၀ ဖွဲ့ခွဲကာ စီမံကိန်းမြို့နယ်ရွေးချယ်မှုများ ဆောင်ရွက်ခဲ့ပြီး၊ ချင်းပြည်နယ်ရှိ စီမံကိန်း လုပ်ဆောင်ရန် ကျန်ရှိနေသော မြို့နယ်များမှ ပထမဦးစားပေးအဖြစ် မင်းတပ်မြို့နယ်ကို လည်းကောင်း၊ ဒုတိယဦးစားပေးအဖြစ် တီးတိန်မြို့နယ်ကို လည်းကောင်း ရွေးချယ်ခဲ့ပါသည်။ ထို့နောက် မင်းတပ် လွှတ်တော်ကိုယ်စာလှယ်မှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းကို ၂၀၁၃ ခုနှစ်မှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် ဒေသကြီး (၁၅) ခုမှ မြို့နယ် (၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၉ မြို့နယ် ရှိသည့်အနက် လူထုဗဟိုပြု စီမံကိန်းက ကန်ပက်လက်၊ ပလက်ဝ၊ မတူပီ၊ တွန်းဇံ မြို့နယ်တို့ကို ရွေးချယ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။