ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)၊ မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို တွန်းဇံမြို့၊ ချင်းရွှေပြည် အားကစားခန်းမ၌ ၇-၁-၂၀၂၀ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းဝန်ထမ်းများမှ ရိုးရာယဉ်ကျေးမှုအကဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီးဌာနဝန်ကြီး ဦးမန်ဟင်းဒါးလ်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်တို့မှ အသီးသီး အမှာစကားပြောကြားခဲ့ကြပါသည်။ ထို့နောက် ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စောမှ လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက် သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးမှ အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ စီမံကိန်းဒုတိယနှစ်စက်ဝန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ အုပ်စုငယ်များဖွဲ့၍ နောက်နှစ်စီမံကိန်းစက်ဝန်းတွင် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များကို အဖွဲ့ကိုယ် စားလှယ်များမှ ပြန်လည်တင်ပြခဲ့ကြပါသည်။

ထို့နောက် ဂျူရီအဖွဲ့မှ ဒုတိယနှစ်စက်ဝန်းအတွင်း စီမံကိန်းဆောင်ရွက်မှု အကောင်းဆုံး ကျေးရွာအုပ်စုနှင့်ကျေးရွာများအား ဆုများချီးမြှင့်ခဲ့ကြပြီး ဖလမ်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခိုင်ထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ညနေ(၀၃:၀၀)နာရီအချိန်ခန့်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံကိန်းဝန်ထမ်းများနှင့်ကျေးရွာများမှ ကိုယ်စားလှယ်များအပါအဝင် တက်ရောက်လာသူ စုစုပေါင်း (၄၀၀)ဦးခန့်ရှိပါသည်။