ကျေးရွာဘက်စုံသုံးခန်းမဆောင်(ဇိုဂမ်ခန်းမဆောင်)ဖွင့်ပွဲအခမ်းအနား၊ လူထုစစ်ဆေးပွဲနှင့် Information Campaign ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ် လမ့်ထန်ကျေးရွာအုပ်စု၊ ရှာထော်ဇန်ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စက်၀န်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော ကျေးရွာဘက်စုံသုံးခန်းမဆောင် ဖွင့်ပွဲအခမ်းအနားကို (၂၈.၉.၂၀၁၉) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်မှူး၊ ကျေးရွာစီထောက်ကော်မတီဥက္ကဌနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး လူထုစစ်ဆေးပွဲကို အဆိုပါခန်းမဆောင်တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။

ခန်းမဆောင်ကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၂၃၀)နှင့် ကျေးရွာလူထုထည့်ဝင်ငွေ ကျပ်(၃,၄၂၅,၀၀၀)တို့ဖြင့် စီမံကိန်းဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်နှင့်ဆောင်ရွက်နေမှုများကို ကျေးရွာလူထုအနေဖြင့် ပိုမိုသိရှိရန်၊ ရေရှည်ထိန်းသိမ်းရေးစနစ်၏အရေးပါပုံ၊ အမျိုးသမီးများ ပူးပေါင်းပါဝင်မှုနှင့် ကျေးရွာလူထုပူးပေါင်းပါဝင်မှု အရေးကြီးကြောင်းနှင့် အသင်းအဖွဲ့အလိုက်ဆောင်ရွက်တက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် CDD Information Campaign (သတင်းပြန်ကြားဆက်သွယ်ရေးပြခန်း)ကို ဆက်လက်ကျင်းပခဲ့ကြပြီး နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ Information Campaign ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်ပါ သည်။