ဆီမီးကျေးရွာ လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်အစည်းအဝေးကျင်းပ

သြဂုတ် ၂၈

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) စီမံကိန်းမိတ်ဆက်အစည်းအဝေးကို မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ဆီမီးကျေးရွာအုပ်စု သိန်းကျင်းကျေးရွာ၌ သြဂုတ်လ ၂၆ ရက်မှှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို လူထုစည်းရုံးရေးမှူးများ / လက်ထောက်နည်းပညာမှူးများနှင့် ကျေးရွာအတွင်ရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများ ကျေးရွာလူထုများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပထမရက် လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းမိတ်ဆက် ၁၅ ချက်အား လူထုစည်းရုံးရေးမှူးမှ ကျေးရွာလူထုအား ရှင်းလင်းခဲ့ပါသည်။ဆက်လက်၍ အဓိကတာ ဝန်ရှိသူများ၏ တာဝန်ဝတ္တရားများနှင့် တာဝန်ယူမှုတာဝန်ခံမှုအပိုင်းများကို ရှင်းလင်းကာ ကျေးရွာစေတနာ့ဝန်ထမ်း ၂ဦးကို ကျေးရွာလူထုအားလုံး ဆွေးနွေး၍ ရွေးချယ်ခဲ့ကြပါသည်။ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် အဖြစ် သိန်းကျင်းကျေးရွာ၏ လူမှုရေးနှင့် သယံဇာတအရင်းအမြစ်ပြမြေပုံကို ရေးဆွဲခြင်း ရာသီခွင်ပြပြက္ခဒိန်ရေးဆွဲခြင်း  ဥစ္စာဓန ခွဲခြားမှုသုံးသပ်ခြင်း  အရင်းမြစ် သုံးစွဲမှုနှင့် ထိန်းချုပ်မှုတို့ကို ဆွေးနွေးခြင်း ပင့်ကူအိမ်သုံးသပ်ခြင်း နှင့် အဖွဲ့အစည်းချိတ်ဆက်ပြမြေပုံ ရေးဆွဲခြင်းတို့ကို ကျေးရွာလူထုအားလုံး အုပ်စုများဖွဲ့၍ ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးဒုတိယနေ့တွင် ကျေးရွာလူထုအားလုံးမှ အမျိုးသား အမျိုးသမီး (၂)ဖွဲ့ခွဲ၍ ကျေးရွာအတွင်းတွေ့ကြုံနေရသော အခက်အခဲများ မျှော်မှန်းချက်များကို ဆွေးနွေးဖော်ထုတ်ကြပြီး လုပ်ငန်းခွဲများကို ရွေးချယ်ခဲ့ပါသည်။ ဆက်လက်ပြီး ထွက်ပေါ်လာသောလုပ်ငန်းခွဲများကို ဦးစားပေးအဆင့် သတ်မှတ်ရွေးချယ်ခဲ့ပါသည်။ထို့နောက် လူထုဗဟိုပြုစီမံကိန်း(စတုတ္တနှစ်)တွင် ကျေးရွာအတွင်း တာဝန်ထမ်းဆောင်မည့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီအဖွဲ့အား ကျေးရွာလူထုအားလုံးမှ ရွေးချယ်တင်မြှာက်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။