ကံလယ်ကျေးရွာ အိမ်တိုင်ရာရောက်ရေးပေးရေးနှင့် ကျေးရွာဘက်စုံသုံးခန်းမဆောင်အား ကွင်းဆင်းကြည့်ရှု

မင်းတုန်း သြဂုတ်    ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း (CDD)  ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်သည့် ကံလယ်ကျေးရွာ အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်းနှင့် ကျေးရွာဘက်စုံသုံးခန်းမဆောင်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်နှင့်တာဝန်ရှိသူများ သြဂုတ်လ ၁၅ ရက်နေ့လည်ပိုင်း က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန် ခံ ဦးသန်းထိုက်ဇော်နှင့် သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဇော် ဟန်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင် များနှင့်အတူ လူထုဗဟိုပြုစီမံကိန်း (CDD) စတုတ္ထနှစ်စက်ဝန်းထောက်ပံ့ရန်ပုုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကံလယ်ကျေးရွာ၊ အိမ်တိုင်ရာရောက်ရေပေးရေးလုပ်ငန်းနှင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောင်ရွက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် စီမံကိန်းဖြင့်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းခွဲများကို ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျထိန်းသိမ်း ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ ကံသာကျေးရွာတွင် ဂါလံ (၃၀၀၀)ဆံ့ ရေစုကန် တည်ဆောက်ခြင်း၊ ၂ လက်မပိုက်ပေ(၁၀၀၀)သွယ်တန်းခြင်းနှင့် ကျေးရွာဘက်စုံသုံးခန်းမပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများအား လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် (၇၆) သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စီမံကိန်းဝန်ထမ်းများ၏ နည်းပညာထောက်ပံ့မှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာလူထုကိုယ်တိုင် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။  

စိုးမိုးကျော် 09.256087268