ကော့ကရိတ်မြို့နယ် ကော့ထောခိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်မှ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူထုဗဟိုပြု စီမံကိန်းမှ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကော့ဝါလဲကျေးရွာအုပ်စု ကော့ထောခိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ပါသည်။

 

ဖွင့်ပွဲ အခမ်းအနားကို ကော့ဝါလဲရွာဦးကျောင်းထိုင် ဆရာတော်၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောသန်းစိုးနှင့် ကျေးရွာ ကော်မတီဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ လမ်းအရှည် ၁၃၈၄ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိသော ကော့ထောခို ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် လမ်းခင်းခြင်း လုပ်ငန်း ပြီးမြောက်ခဲ့ရာ မတ်လ ၆ ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ကွန်ကရစ်လမ်း ကို စီမံကိန်း ထောက်ပံ့ငွေ ၁၉၀ သိန်းနှင့် လူထုထည့်ဝင်ငွေ ၇၃ သိန်းကျော် စုစုပေါင်း ရန်ပုံငွေ ၂၆၃ သိန်းကျော်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှု၊ လူထု ဗဟိုပြု စီမံကိန်းမှ ဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာလူထု ကိုယ်တိုင် ပါဝင်ကာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။