မင်းတုန်းမြို့နယ် ကျေးရွာများ၌ လူထုဗဟိုပြုအခြေခံအဆောက်အအုံ ၁၈၆ ခု ဆောင်ရွက်နေ

မင်းတုန်း    ဇွန်လ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်း ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူူထုဗဟိုပြုစီမံကိန်း(CDD)ဖြင့် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းခွဲပေါင်း (၁၈၆) ခုကို ငွေကျပ် (၁၈၁၀) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းတုန်းမြို့နယ်လူထုဗဟိုပြု  စီမံကိန်းတာဝန်ခံဦးဝင်သူရက ပြောသည်။

လူထုဗဟိုပြုစီမံကိန်းကို မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၈၀)ရွာတွင် ၂၀၁၅- ၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှစတင် ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကျေးလက်နေပြည်သူများ၏ အဓိကလိုအပ်ချက်များ ဖြစ်သော အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အဦးများ အစရှိသောလုပ်ငန်းများကို (၄)နှစ်ဆက်တိုက် ငွေကြေးထောက်ပ့ံ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်စတုတ္ထနှစ်စီမံကိန်းစက်ဝန်းတွင် လုပ်ငန်းခွဲ(၁၈၆)ခုရှိသည့်အနက် လမ်းလုပ်ငန်း (၃၄)ခု၊ တံတားလုပ်ငန်း(၄)ခု၊ ရေရရှိရေးလုပ်ငန်း(၈)ခု၊ မီးလင်းရေးလုပ်ငန်း(၄၉)ခု၊ ပညာရေးနှင့်ဆက်စပ် လုပ်ငန်း(၂)ခု၊ ဘက်စုံသုံးခန်းမ(၇)ခု၊ မြေထိန်းနံရံလုပ်ငန်း(၅)ခု စုစုပေါင်းလုပ်ငန်းခွဲ (၁၀၉)ခုကို အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါသည်။

အဆိုပါစီမံကိန်းဖြင့် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စီမံကိန်းပထမနှစ်စက်ဝန်း၊ ဒုတိယနှစ်စက်ဝန်း၊ တတိယနှစ်စက်ဝန်းတွင် အခြေခံအဆောက်အဦလုပ်ငန်းခွဲပေါင်း(၄၈၀)ခုအား ထောက်ပံငွေကျပ် (၄၅၀၅.၃၁၇၂၉၉) သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ်သန်းပေါင်း (၂၉၀.၅၄၂၁၅၈) သန်း စုစုပေါင်းငွေကျပ် (၄၇၉၅.၈၅၉၄၅၇) သန်းဖြင့် ကျေးလက်ဦးစီးဌာနနှင့် စီမံကိန်းဝန်ထမ်းများ၏ နည်းပညာထောက်ပံ့မှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာလူထု ကိုယ်တိုင် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။      စိုးမိုးကျော်