ကော့ကရိတ်မြို့နယ် စည်းရုံးရေးမှူးများအား ကဏ္ဏအလိုက် မွမ်းမံသင်တန်းများပြုလုပ်

၁၀ ဇွန်လ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)အတွက် စီမံကိန်းဝန်ထမ်းများဖြစ်သော လက်ထောက်နည်းပညားမှူးများ၊ လူထုစည်းရုံးရေးမှူးများ စုစုပေါင်း(၅၁)ဦးအား ကဏ္ဏအလိုက် မွမ်းမံသင်တန်းများကို (၂၉.၅.၂၀၁၉) ရက်နေ့တွင် စောင့်ကြည့်ကြီးကြပ်ရေး မွမ်းမံသင်တန်း၊ (၃၀.၅.၂၀၁၉)ရက်နေ့တွင် ဘဏ္ဏာရေးဆိုင်ရာ မွမ်းမံသင်တန်း၊ (၆-၇.၆.၂၀၁၉) ရက်နေ့တွင် ကျားမရေးရာ မွမ်းမံသင်တန်း၊ (၇.၆.၂၀၁၉) ရက်နေ့တွင် ဝေဖန်အကြံပြု မွမ်းမံသင်တန်းများ ပြုလုပ်ခဲ့ပါသည်။

            အဆိုပါမွမ်းမံသင်တန်းများတွင် ယခင်နှစ် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ချက်များအပေါ် အခြေခံ၍ ကြုံတွေ့လာခဲ့သော အခက်အခဲများမှ သင်ခန်းစာယူလျက် ယခုနှစ်အတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းအစီအစဉ်များဖြင့် ဆောင်ရွက်ရာတွင် လွယ်ကူစေရန် အတွက်သော်လည်းကောင်း၊ ကျေးရွာများသို့သွားရောက်၍ လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ ပိုမိုသိရှိနားလည်စေရန်အတွက်သော်လည်းကောင်း၊ ကျေးရွာအစည်းအဝေးများ ပြုလုပ်ရာတွင် အဆင်ပြေစေရန်အတွက်သော်လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များ ဖော်ထုက်ရာတွင် ကျေးရွာများ၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေမှု ထိရောက်မှုရှိစေရန်အတွက် သော်လည်းကောင်း  အစရှိသော သင်ခန်းစာများကို ကဏ္ဏအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသော မြို့နယ် DRD Counterpart များနှင့် မြို့နယ် နည်းပညာပေးအဖွဲ့တို့မှ ဦးဆောင်လျက် သင်တန်းပို့ချ ပေးခဲ့ပါသည်။

            ယခုကဲ့သို့ သင်တန်းပြုလုပ်ခြင်းဖြင့် လူထုစည်းရုံးရေးမှူးများမှ စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေခြင်း၊ ကြုံတွေ့လာမည့် အခက်အခဲများအား အဆင်ပြေစွာဖြင့် ဖြေရှင်းနိုင်စေခြင်း၊ တာ၀န်ယူမှု တာ၀န်ခံမှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ပထမနှစ်စက်ဝန်းဆောင်ရွက်ချက်များကို အခြေခံ၍ ဒုတိယနှစ်စက်ဝန်းအတွက် အကောင်းဆုံး ပြင်ဆင်နိုင်မှုများ ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။