ကျောက်ကြီးမြို့နယ်တွင် ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းများပို့ချ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်းက အကောင်အထည်ဖော်ရန် ကျန်ရှိနေသော ကျေးရွာများတွင် စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်နိုင်ရေး ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းများကို ဖေဖေါ်ဝါရီလအတွင်းတွင် မွေတွင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာ၊ မုန်းကျေးရွာအုပ်စု မုန်းကျေးရွာ၊ ညောပင်သာ ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတို့တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့၊ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် အသီးသီးကျင်းပ ပြုလုပ်ခဲ့ပါသည်။

သင်တန်းများကို လူထုဗဟိုပြု စီမံကိန်းမှ ကျေးရွာအုပ်စု တာဝန်ခံ၊ လူထုစည်းရုံးရေးမှူး၊ လက်ထောက်နည်းပညာမှူးများက ဉီးဆောင်ကာ ကျေးရွာအသီးသီးမှ ကျေးရွာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များအား သင်ကြားပို့ချခြင်းဖြစ်ပြီး၊ ကျေးရွာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို ကွဲပြားစွာ သိရှိနားလည်လာပြီး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံကိန်း စက်ဝန်းများအလိုက် စနစ်တစ်ကျ အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ပြီး၊ စီမံကိန်း လုပ်ငန်းများအတွက် အကာအကွယ် အစီအစဉ်၊ ဝယ်ယူရေး လုပ်ထုံးလုပ်နည်းများနှင့် ဝယ်ယူရေး အစီအစဉ် များ ရေးဆွဲတတ်လာစေရေး၊ ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ စောင့်ကြည့် ကြီးကြပ်ရေး၊ လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို နားလည်လာပြီး၊ ပုံစံများ ဖြည့်သွင်းကာ စနစ်တစ်ကျ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်စေရေး၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝေဖန်အကြံပြု တိုင်ကြား ဖြေရှင်းရေး၊ ကျား-မ တန်းတူ ပါဝင်ဆောင်ရွက်နိုင်ရေး စသည့် အကြောင်းအရာများကို ပို့ချပေးခဲ့ပါသည်။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ကျွန်းတော ကျေးရွာတွင် ပြုလုပ်သော သင်တန်းတွင် ကျေးရွာအုပ်စု ၃ အုပ်စုရှိ ကျေးရွာ ၉ ရွာမှ ကျေးရွာ စီမံကိန်း စီမံခန့်ခွဲမှု အဖွဲ့ဝင် စုစုပေါင်း ၉၀ ဦး၊ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က မုန်းကျေးရွာအုပ်စု၊ မုန်းကျေးရွာတွင် ပြုလုပ်ခဲ့သော သင်တန်းတွင် ကျေးရွာ အုပ်စု ၂ စုရှိ ကျေးရွာ ၁၁ ရွာမှ ၈၀ ဦး၊ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ညောင်ပင်သာ ကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာတွင် ကျေးရွာ ၁၇ ရွာမှ ၁၅၀ ဦး စုစုပေါင်း အဖွဲ့ဝင် ၃၇၀ ဦးအား သင်တန်းပို့ချပေးခဲ့ပါသည်။