ပေါက်မြို့နယ် ဖိုးဖြူလုံးကန်ကျေးရွာ၌ ကျေးရွာအဝင်ကွန်ကရစ်တံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

 

ပေါက်  မေ   ၁၀

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဖြင့် ပေါက်မြို့နယ်၊ ဖိုးဖြူလုံးကန် ကျေးရွာအုပ်စု၊ ဖိုးဖြူလုံးကန်ကျေးရွာအဝင် အုတ်ခုံခံသံဘောင်ယက်မ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို မတ်လအတွင်း စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ သိရသည်။

မေကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ရန်ပုံငွေဖြင့် ဖိုးဖြူလုံးကန် ကျေးရွာအုပ်စု၊ ဖိုးဖြူလုံးကန်ကျေးရွာအဝင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် မြို့နယ်စီမံကိန်း တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင်  တံတားလုပ်ငန်းမှာ အုတ်ရိုးစီခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး၍ သံဘောင်ယက်မ တပ်ဆင် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတိုးတက်ရေးနှင့် တံတားဆောင်ရွက်ပြီးစီးပါက ရေရှည်တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်းထိန်းသိမ်းစေရေး ဆွေးနွေးအကြံပေး ဆောင်ရွက်ပါသည်။

ဖိုးဖြူလုံးကျေးရွာတံတားသည် ပခုက္ကူ - ပေါက် ကားလမ်းမကြီးနှင့် ဖိုးဖြူလုံးကန်ကျေးရွာ ဆက်သွယ်ထားသော လမ်းပေါ်တွင်တည်ရှိပြီး အတိုင်းအတာအားဖြင့် အရှည် ၂၄ ပေ အကျယ် ၁၇ ပေ အမြင့် ၅ ပေရှိပြီး လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၉၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

စိုးမိုးကျော်

အဆိုပါတံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ လူဦးရေအတွက် သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအား ရာသီမရွေး လွယ်ကူစွာဖြင့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်အေးအေးသန့်က ပြောသည်။