အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ(၁၁.၃.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းလျက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ မတ်လ (၈) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုဗဟိုပြုစီမံကိန်း၏အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့လှုပ်ရှားမှုအခမ်းအနားကို (၁၁.၃.၂၀၁၉) ရက်နေ့၌ တွန်းဇံမြို့၊ ချင်းရွှေပြည်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းပြကာ တွန်းဇံမြို့နယ် အမျိုးသမီးရေးရာကော်မတီဝင်တစ်ဦးမှ တွန်းဇံမြို့နယ်အမျိုးသမီးများ၏ လှုပ်ရှားမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒေါ်ညံရှမ်းနွမ်(လက်ထောက်နည်းပညာရေးမှူး)မှ လူထုဗဟိုပြုစီမံကိန်း၏ ကျား-မရေးရာအခန်းကဏ္ဍ(၆)ချက်ကို ရှင်းလင်းပြီး မြစိမ်းရောင်ကျေးရွာကော်မတီ ငွေစာရင်းကိုင်တစ်ဦးမှ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုများကို ရှင်းလင်းပြောကြားကာ လူထုဗဟိုပြုစီမံကိန်းမှ တူညီသောအလုပ်အတွက်တူညီသောလုပ်အားခရရှိမှုနှင့်CEDAW ဗွီဒီယိုမှတ်တမ်းများကို ပြသခဲ့ပါသည်။

အခမ်းအနားသို့ တွန်းဇံမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာကိုယ်စားလှယ်များ၊ စီမံကိန်းဝန်ထမ်းများ၊ စုစုပေါင်း(၁၅၂)ဦးတက်ရောက်ခဲ့ကြပါသည်။