ကျေးရွာကျောက်ချောလမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

လွိုင်ကော်၊ မတ်လ(၂၉) ရက်

        လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ တတိယနှစ်စက်ဝန်းအတွင်း စီမံကိန်းထောက်ပံ့ငွေ( ၂၈၄၆၀၇၀၀/- ) ကျပ်၊လူထုထည့်ဝင်ငွေ (၁၆၀၀၀၀/-) ကျပ်၊စုစုပေါင်းကုန်ကျငွေ (၂၈၆၂၀၇၀၀/-) ကျပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့်  ပန်ကန်းကျေးရွာအုပ်စု၊ စိုက်ကွင်း(၃)ကျေးရွာ၏ ကျောက်ချောလမ်းသစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေပြွန်တံတားတည်ဆောက်ခြင်း၏ ဖွင့်ပွဲအခမ်းအနားအား ယနေ့(၂၉.၃.၂၀၁၉)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။  

          အခမ်းအနားတွင် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးကျော်လင်းအောင်မှ စီမံကိန်းအကြောင်းရှင်းလင်းပြောကြားခဲ့ပြီးနောက်၊ စိုက်ကွင်း(၃) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လွင် မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ကျောက်ချောလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် တက်ရောက်လာသူများမှအမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး ကြကာ လုပ်ငန်းဆိုင်းဘုတ်အားအမွှေးနံ့သာရည်ဖြန်းပက်ပြီး ကျောက်ချောလမ်းသစ်အားလှည့်လည်ကြည့်ရှုခဲ့ကြပြီးအခမ်းအနားအားအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

        လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ကျေးလက်ဦးစီးမှူးနှင့်အတူခရိုင်ကျေးလက်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံကိန်းအထောက်အကူပြုကော်မတီ(TPIC)အဖွဲ့ တို့မှတက်ရောက်ချီးမြှင့်ခဲ့ကြပြီး ယခုဖွင့်လှစ်သော ကျောက်ချောလမ်းသစ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လွိုင်ကော်၊ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စက်ဝန်းအတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွဲများအနက်မှတစ်ခုအပါအဝင်ဖြစ်သည်။