အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနား ပျော်ဘွယ်တွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီက ပျော်ဘွယ်မြို့ အမေထိန်းခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပျော်ဘွယ်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပျော်ဘွယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်တိုးတိုးစိန်က အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သတ်၍ အမျိုးသမီးများ၏ ဦးဆောင်မှု အခန်းကဏ္ဍမြင့်မားစေရန်တွန်းအားပေးလုပ်ဆောင်နိုင်စေရေးနှင့် ကမ္ဘာနှင့်အဝှမ်း အမျိုးသမီးများလှုပ်ရှားမှုတွေကို ကျေးလက်လူထုအနေဖြင့် သိရှိနားလည်စေရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးသန်းနိုင် က ကျား/မ အခြေပြု အကြမ်းဖက်ခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင် သူဇာလှိုင် က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အကြောင်းအရာများကို လည်းကောင်း ဆွေးနွေးပြောကြားပြီး လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးလှထူးက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

ယင်းနောက် တက်ရောက်လာသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက အမျိုးသမီးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းပြခန်းများကို လှည့်လည် ကြည့်ရှူခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ပျော်ဘွယ်မြို့မှ ဌာနဆိုင် ရာအသီးသီးကတာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ လူထုဗဟိုပြုစီမံကိန်းမှဝန်ထမ်းများ ၊NGO၊ INGOများမှာ ဝန်ထမ်းများနှင့် ကျေးရွာအမျိုးသမီး ကွန်ယက်မှ အမျိူးသမီးအဖွဲ့ဝင်များ စုစုပေါင်း ၁၇၀ ဦးခန့် တက်ရောက်ခဲ့သည်။