ရွှေကူမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)စည်းရုံးရေးမှူးများမွမ်းမံသင်တန်း အပိုင်း-၁ ဖွင့်လှစ်သင်ကြားပို့ချခြင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ၂၈.၂.၂၀၁၉

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြင့်မွမ်းမံသင်တန်း အပိုင်း(၁)ကို (၂၈.၂.၂၀၁၉)ရက်နေ့မှ (၂.၃.၂၀၁၉)ရက်နေ့ထိ လူထုဗဟိုပြုစီမံကိန်းရုံး၌ သင်တန်းပို့ချမည်ဖြစ်ပြီး (၄.၃.၂၀၁၉)ရက်နေ့မှ (၅.၃.၂၀၁၉)ရက်နေ့တွင် ရွှေချောင်းသာ၊ မဟာနဒီ၊ ရွှေပဒေသာ ကျေးရွာများသို့ လက်တွေ့ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (၆.၃.၂၀၁၉)ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်တုံ့ပြန်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ သင်တန်း ကာလ စုစုပေါင်း(၆)ရက် ကြာမြင့်မည်ဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာ ဦးညွှန့်လှိုင်(ပြည်ထောင်စုအဆင့် လက်ထောက် သင်တန်းမှူး)၊ ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဦးထွန်းထွန်းကျော်(ဒုတိယဦးစီးမှူး)နှင့် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကျော်ကျော်သိန်းတို့မှ သင်ကြားပို့ချခဲ့ရာ လူထုစည်းရုံးရေးမှူး(၉)ဦး၊ လက်ထောက်နည်းပညာမှူး(၅)ဦး၊ နည်းပညာ အကြံပေး(၄)ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တွဲဖက်ဝန်ထမ်း(၅)ဦးဖြင့် သင်တန်း သား/သူဦးရေ ကျား(၁၂)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းကို

- လူထုဗဟိုပြုစီမံကိန်း၏ ကျား-မတန်းတူညီမျှရေးနှင့် လူထုအားလုံးပူးပေါင်းပါဝင်ရေး အစရှိသည့် အဓိကသဘောတရားများကို ဆွေးနွေးပြီး လက်တွေ့ဆောင်ရွက်နိုင်ရန်၊

- စီမံကိန်းလက်စွဲစာအုပ်တွင် ပါရှိသော လမ်းညွှန်ချက်များ နားလည်စေရန်၊

- ကျေးရွာပထမအကြိမ်အစည်းအဝေးကို စီစဉ်စည်းရုံးကူညီပေးနိုင်ရန်၊

- ကျေးရွာဒုတိယအကြိမ်အစည်းအဝေး (ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်အရေးဆွဲခြင်း)ကို စီစဉ် စည်းရုံးကူညီပေးနိုင်ရန်၊

- ကျေးရွာအုပ်စု အစည်းအဝေးကို စီစဉ်စည်းရုံးကူညီပေးနိုင်ရန်၊

- မြို့နယ်မှ အခြားစီမံကိန်းဝန်ထမ်းများနှင့် အဖွဲ့လိုက် အတူတကွ လုပ်ငန်းများဆောင်ရွက်တတ်စေရန်၊

စသည့် ရည်ရွယ်ချက်များဖြင့် သင်ကြားပို့ချခဲ့ပါသည်။