မိတ္ထီလာမြို့နယ်၌ Cash for Work အစီအစဉ်ဖြင့် ချောင်းကောက်ဆည် ရေသောက်စနစ်များမှာရှိသော ရေပေးမြောင်း ပြန်လည် တူးဖော်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်

မိတ္ထီလာ ဩဂုတ် ၁၉

 

မိတ္ထီလာမြို့နယ်အတွင်း Cash for Work အစီအစဉ်ဖြင့် ချောင်းကောက်ဆည် ရေသောက်စနစ်မှာရှိသော ရေပေးမြောင်းများကို ရေအသုံးချသူများက ပြန်လည် ပြုပြင် တူးဖော်ခြင်း လုပ်ငန်းများကို ကွက်ငယ် ကျေးရွာ ကွင်းအမှတ် ၁၀၈၄ ၊ ၁၀၈၅ ရှိ ရေပေးမြောင်းများကို ဆောင်ရွက်လျက် ရှိကြောင်း ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာနမှ သိရပါတယ်။

 

“ကျနော်တို့ ဒီနေ့ ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ နိုင်ငံတော်ကနေပြီးတော့ ကိုဗစ်ကာလ ကျေးလက်နေပြည်သူများ စားဝတ်နေရေး ဖူလုံစေရေးအတွက် တစ်ဖက် တစ်လမ်းမှ အကျိုးသက်ရောက်စေမယ့် Cash for Work လုပ်ငန်းကို ကျနော်တို့ မိတ္ထီလာ မြို့နယ် ကွက်ငယ် အုပ်စု ကွက်ငယ်ကျေးရွာမှာ ရှိတဲ့ ကျနော်တို့ ချောင်းကောက်ဆည် ရေသောက်စနစ် GY-3 ရဲ့ WC- 12 မှာ ကျနော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

  • ဦးမောင်မောင်ကျော်၊ မြို့နယ် ဦးစီးမှူး (ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန)

 

ရေအသုံးချသူ အဖွဲ့များအား ကိုဗစ်-၁၉ ကာလ စီးပွားရေး အခက်အခဲ မရှိစေရန် Cash for Work အစီအစဉ်ဖြင့် ချောင်းကောက်ဆည် ရေသောက်စနစ်ရှိ အမှတ် ၁၂ ရေပေးမြောင်းအား သဲနှုန်း တူးဖော်ခြင်း လုပ်ငန်းနှင့် ပတ်သတ်၍ ရေပေးမြောင်း တူးဖော်ရေး တာဝန်ခံ ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒေါ်သွယ်သွယ်ခိုင်က ယခုလို ပြောကြားခဲ့ပါတယ်။

 

“သဲနှုန်း တူးဖော်ရာမှာ ချောင်းက ရေလွှဲဆည် လက်ဝဲ မြောင်းမကြီး DY-3 ရဲ့ WC စနစ်ကို သဲနှုန်း တူးဖော်ခဲ့ပါတယ်။ ၂၇ ရက် ၇ လ ၂၀၂၀ ရက်နေ့မှာ လုပ်ငန်း စတင် ဆောင်ရွက်ခဲ့ပြီးတော့ ၁၃ ရက် ၈ လ ၂၀၂၀ မှာ လုပ်ငန်း ပြီးစီးခဲ့ပါတယ်။ အောက်ခြေ အကျယ် တစ်ပေခွဲ ထိပ်ဝ အကျယ် ၇ ပေခွဲ ၂ ပေ အနက်နဲ့ ရေပေး တူးမြောင်းရဲ့ အရှည်က ၂၁၆၅ ပေ ကို WUG အဖွဲ့တွေနဲ့ ရေသောက် တောင်သူ အဖွဲ့တွေ ပူးပေါင်းပြီးတော့ တူးဖော် ခဲ့တာ ဖြစ်ပါတယ်၊ အဲလို တူးဖော် ပေးခြင်း အားဖြင့် ချောင်းကောက်ဆည် WC စနစ်ရဲ့ ရေသောက် ဧရိယာ ၁၂၀ ဧက အပြင် ဧက ၂၀၀ အထိ တိုးမြှင့် စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် ရေသောက်တောင်သူတွေနဲ့ WUG အဖွဲ့အစည်းများရဲ့ စီးပွားရေး အကြပ်အတည်းကို တစ်ဖက် တစ်လမ်းက ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” - ဒေါ်သွယ်သွယ်ခိုင် - ရေပေးမြောင်း တူးဖော်ရေး တာဝန်ခံ (ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန)

 

နိုင်ငံတော်မှ Cash for Work အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ရေအသုံးချသူ အဖွဲ့များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး၊ ဝင်ငွေလည်း ရရှိ၍ စီးပွားရေး အဆင်ပြေမှုနှင့် ပတ်သတ်၍ လည်း ကော့ငယ် ကျေးရွာမှ ရာအိမ်မှူးက အခုလို ပြောကြားခဲ့ပါတယ်။

 

“နိုင်ငံတော်က ချပေးတဲ့ငွေကို ဆည်မြောင်း ဦးစီးဌာနက ဦးစီးပြီးတော့ ရေမြောင်းမကြီးကို လက်ခွဲမြောင်း GY-3 မြောင်းက W-12 မှာ ပေ ၂၁၀၀ ၊ ၇ ပေခွဲ အကျယ်၊ ၂ ပေ အနက်နဲ့ မြောင်းမကြီး ပြီးစီးတဲ့ အခါမှာ ဟိုဖက်မှာ လည်း ကျနော်တို့ ပေ ၁၀၀၀ ထပ်ပြီးတော့ တိုးမြှင့်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဝင်ငွေလည်း တစ်ဖက် တစ်လမ်းက ရရှိပါတယ်။ တောင်သူများအတွက်လည်း ဒီမြောင်း ကြီး ပြီးစီးပါက အဆင်ပြေ ချောမွေ့မှာ ဖြစ်ပါတယ်”

 

စိုက်ပျိုးရေး အတွက် ရေရရှိရန် အဆင်ပြေပြီး၊ အခက်အခဲ မရှိစေရန် ရေပေးမြောင်းများ ပြန်လည် ပြုပြင် တူးဖော်နိုင်ရန် မြို့နယ် အတွင်း ဆည်ကန်များမှ ရေသောက်စနစ်များမှာ ရှိသော ရေပေးမြောင်းအလိုက် ရေသောက် တောင်သူများ ပါဝင်တဲ့ ရေအသုံးချသူများ အဖွဲ့ ဖွဲ့စည်း ထားရှိရာမှ ချောင်းကောက်ဆည် ရေသောက် စနစ်ဖြင့် ကျေးရွာ ၄၁ ရွာမှ အကျိုးပြု စိုက်ပျိုးဧက ၄၆၄၉ ဧက တွင် ရေအသုံးချသူ အဖွဲ့ ၁၀၁ ဖွဲ့ ရှိကြောင်း သိရပါတယ်။

 

သိန်းမြင့်ကျော် (မိတ္ထီလာ)

#CFW, #CERP, #DRD, #MOALI

Credit- MOI Webportal

https://web.facebook.com/MOIWebportalMyanmar/videos/3282151178544728/?t=9