ပခုက္ကူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ကွင်းဆင်းကြီးကြပ်

ပခုက္ကူ ဩဂုတ် ၇

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်၊ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြီးကြပ်ခဲ့ကြသည်။

 

ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းတို့သည် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်၊ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် လုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်၊ မကျီးပင်ပု ကျေးရွာ၌ အရှည် ၁၀၀၀ပေ၊ အကျယ် ၃ပေ၊ ထုထည် ၆လက်မ ရှိသည့် ကျေးရွာတွင်း ကွန်ကရစ် ဘီးလမ်းခင်းခြင်း လုပ်ငန်းနှင့် မှိုက်ပင်ကုန်း ကျေးရွာ၌ အရှည် ၆၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၆ လက်မရှိသည့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကွင်းဆင်း ကြီးကြပ်ကြပြီး လုပ်ငန်း စံနှုန်းစံညွှန်းများအတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြသည်။

 

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားပေးနိုင်ရေး အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ကျေးရွာ ပြည်သူလူထု ကိုယ်တိုင် မိမိတို့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်ကာ ချက်ချင်းလုပ်အားခပေးချေမှုစနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်း Cash for Work စီမံကိန်းကို ကျေးရွာ(၁၂) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပြီး ကိုဗစ် ကာလအတွင်း ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်က ပြောကြားခဲ့သည်။

 

ဆလိုင်းကိုကီး

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3141